
နီပေါနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လူငယ်တွေ ဦးဆောင်တဲ့ ၂ ရက်ကြာ ဆန္ဒပြပွဲတွေ အပြီး စက်တင်ဘာ ၁၀ ရက်မှာ လာလစ်ပူမြို့တော်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ အစိုးရနေအိမ်တွေ မီးလောင်ပြာကျ ကျန်ခဲ့ပါတယ်။
မြို့တော် ခတ္တမန္ဒူရှိ အစိုးရ အဆောက်အအုံ အများအပြား၊ တရားရုံးချုပ်နဲ့ လွှတ်တော်အဆောက်အအုံကနေ ဝန်ကြီးချုပ် ကေပီရှာမားအိုလီရဲ့ ကိုယ်ပိုင်နေအိမ် အပါအဝင် ဝန်ကြီးတွေရဲ့ နေအိမ်တွေအထိ စက်တင်ဘာ ၉ ရက် ဆန္ဒပြမှုတွေအတွင်း မီးရှို့ခံခဲ့ရတာပါ။
ဆင်းရဲနွမ်းပါးတဲ့ ဟိမဝန္တာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဆိုရှယ်မီဒီယာ ပိတ်ပင်မှုကြောင့် ဆူပူအုံကြွမှု ပေါ်ပေါက်လာခဲ့ပြီး ဆန္ဒပြသူအများစုမှာ အစိုးရရဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့နဲ့ စီးပွားရေး အခွင့်အလမ်းတွေကို မြှင့်တင်ဖို့ ပျက်ကွက်မှုအပေါ် မကျေမနပ်ဖြစ်ကြတဲ့ လူငယ်တွေ ဖြစ်တာကြောင့် ဆန္ဒပြပွဲတွေကိုလည်း ဂျန်ဇီဆန္ဒပြပွဲတွေလို့ ခေါ်ခဲ့ကြပါတယ်။
လူအုပ်ကိုထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်မှုကြောင့် စက်တင်ဘာ ၈ ရက်မှာ လူ ၁၉ ယောက် သေဆုံးပြီးနောက် ဆန္ဒပြပွဲတွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ဝန်ကြီးချုပ် ကေပီ ရှာမားအိုလီလည်း ရာထူးမှ နုတ်ထွက်သွားပါတယ်။ ဆန္ဒပြမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့မှာ ၂၅ ယောက်အထိ တိုးလာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၃၃ ယောက်ရှိကြောင်း နီပေါ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters