
နီပေါဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီ ဦးဆောင်တဲ့အစိုးရ ပြုတ်ကျပြီးတဲ့နောက် ၂ ရက်ကြာ ဆူပူဆန္ဒပြမှုတွေအပြီး တရားဥပဒေ ပြန်စိုးမိုးစေဖို့ စစ်တပ်က မြို့တော် ခတ္တမန္ဒူရဲ့ လမ်းတွေပေါ်မှာ ကင်းလှည့်နေချိန် နီပေါစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာရှုတ်ခ်ရပ်ဂျ်ဆစ်ဒီက နီပေါတရားသူကြီးချုပ်ဟောင်း စုရှီလာကာကီကို နိုင်ငံရဲ့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဆစ်ဒီဟာ Gen Z ဆန္ဒပြပွဲတွေနောက်ကွယ်က အဖွဲ့တွေ၊ တခြားပုဂ္ဂိုလ်တွေနဲ့ တချို့ကို အတူတူ၊ တချို့ကို သီးခြားစီ အကြိမ်ပေါင်းများစွာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
ဗုဒ္ဓဟူးနေ့ မနက် ၂ နာရီလောက်က ဒါပါစီမှာရှိတဲ့ ကာကီရဲ့အိမ်ကို ကားမောင်းလာပြီး ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အကြောင်း သူက ပြောခဲ့ပါတယ်။
ကာကီက ကမ်းလှမ်းချက်ကို လက်ခံဖို့ ဝန်လေးခဲ့ပေမဲ့ Gen Z အဖွဲ့တွေက တရားဝင် တောင်းဆိုလာလို့ ၁၅ နာရီအကြာမှာ သဘောတူခဲ့ပါတယ်။
စက်တင်ဘာ ၁၀ ရက်မှာ နီပေါစစ်တပ်ဌာနချုပ် အပြင်ဘက်မှာ စုဝေး ဆန္ဒပြသူတွေကို ‘Gen Z’ ကိုယ်စားလှယ်က တရားသူကြီးချုပ်ဟောင်း စုရှီလာ ကာကီကို ယာယီဝန်ကြီးချုပ်အဖြစ် အကြံပြုထားတယ်လို့ ပြောချိန်မှာ ကြွေးကြော်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
မြို့တော် ခတ္တမန္ဒူမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၂ ရက်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် ကေပီ ရှာမာအိုလီ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ ဟိမဝန္တာနိုင်ငံမှာ ဆူပူအုံကြွမှုကြောင့် သေဆုံးသူ ၂၅ ယောက်အထိ မြင့်တက်လာခဲ့ပြီး ၆၃၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ နီပေါ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
နီပေါစစ်တပ်က ဆန္ဒပြပွဲတွေအပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters