မွန်ပြည်နယ်အတွင်းရှိ မြစ်ကူးတံတားပိတ်ချိန်တွေကို တခုနဲ့တခု ခွဲခြားပိတ်တာမျိုး မလုပ်ဘဲ တပြေးညီဖြစ် စေချင်တယ်လို့ အခြေခံလက်လုပ်လက်စားနဲ့ နေ့စဥ် စျေးရောင်းချနေသူတွေဆီက သိရပါတယ်။
မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကို ဆက်သွယ်ထားတဲ့ သံလွင်တံတား (ချောင်းဆုံ) ကို သြဂုတ် ၁၃ ရက် မနက်ကစတင်ပြီး တံတားပိတ်ချိန် တိုးမြှင့်လိုက်ကာ ညနေပိုင်းမှာ နဂိုမူလအတိုင်း တံတားပိတ်ချိန် ပြန်လည်သတ်မှတ်ခဲ့တဲ့အပေါ် မျှတမှုမရှိဘူးလို့ မော်လမြိုင်မြို့ကို နေ့စဥ် စျေးသွားရောင်းချနေသူတယောက်က ပြောပါတယ်။
“တံတားပိတ်ချိန်လို့ သတ်မှတ်ပြီးရင် ပိတ်ပေးရမှာလေ။ အခုဟာက မနက်ပိုင်းက အချိန်တိုးပြီး ပိတ်တယ် ပြောပြီး ညနေပိုင်းကျမှ ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးတာဆိုတော့ ပြောရရင် ‘မျက်နှာကြီးရာ ဟင်းဖတ်ပါ’ ဆိုသလို ဖြစ်နေပြီ။ ချောင်းဆုံဆိုတာက စစ်တပ်ကခန့်ထားတဲ့ ဝန်ကြီးချုပ်ရဲ့ အပိုင်ဆိုတော့ အာဏာပြတာဖြစ်နိုင်တယ်။”
သံလွင်တံတား (ချောင်းဆုံ) ရဲ့ တံတားပိတ်ချိန်ကို ည ၁၀ နာရီမှ နောက်တနေ့မနက် ၄ နာရီအထိ သတ်မှတ်ထားတာပါ။
ဩဂုတ် ၁၃ ရက် မနက်ပိုင်းမှာတော့ တံတားပိတ်ချိန်ကို ည ၈ နာရီမှ နောက်တနေ့မနက် ၆ နာရီကို ပြောင်းလဲ တိုးမြှင့်လိုက်ပြီးနောက် မနေ့က ညနေပိုင်းမှာတော့ မူလပုံမှန်အတိုင်း တံတားပိတ်ချိန်ကို စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဖြေလျော့ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၆ ရက်ကစပြီး သံလွင်တံတား (မော်လမြိုင်) အတ္ထရံတံတားနဲ့ ဇာသပြင်တံတားကိုလည်း ည ၈ နာရီမှ နောက်တနေ့မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့် တံတားပိတ်ချိန်ကိုလည်း တိုးမြှင့်သတ်မှတ်ခဲ့တာပါ။
စစ်တပ်အနေနဲ့ မော်လမြိုင်မြို့နဲ့ ဆက်စပ်နေတဲ့ တံတားကြီးတွေနဲ့ တံတားလုံခြုံရေးကိုတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက တိုက်ရိုက်စီမံကွပ်ကဲကြောင်း ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။