
အထူးမြေကွက်တွေမှာ နေရာချထားခြင်းခံရသူတွေ အနေနဲ့ မြေကွက်နေရာချထားစဥ်က ကတိပြု လက်မှတ်ရေးထိုးထားတဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ လွှဲပြောင်းရောင်းချခြင်း မပြုဖို့နဲ့ တရားမဝင် ရောင်းချတာ တွေ့ရှိပါက စီမံခန့်ခွဲခွင့်ရှိသည့်မြေအဖြစ် ပြန်လည်သိမ်းယူမှာ ဖြစ်တယ်လို့ နေပြည်တော်စည်ပင်က အမိန့် ကြေညာစာထုတ်ပြန် အသိပေး ကြေညာလိုက်ပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်က စတင်ပြီး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဟအိမ်ရာ အမှတ် ၁ နဲ့ ၂ တို့မှာ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေနဲ့ တပ်မတော်ပိုင်းဆိုင်ရာ အကြီးအကဲတွေအတွက် အထူးမြေကွက်တွေကို သက်သာတဲ့စျေးနှုန်းနဲ့ မြေတန်ဖိုးပေးသွင်းစေပြီး နေရာချထားပေးထားတာပါ။
အထူးမြေကွက်တွေမှာ နေထိုင်ခွင့်ရရှိသူတွေအနေနဲ့ ကတိဝန်ခံချက် ၅ ချက်ကို လိုက်နာရမှာ ဖြစ်ကြောင်း လက်မှတ်ရေးထိုးထားခဲ့ကြရတာ ဖြစ်ပါတယ်။
အဆိုပါ ကတိဝန်ခံချက်တွေကတော့ မြေကွက်ကို ရာထူးအရလည်းကောင်း၊ ရပိုင်ခွင့်အရလည်းကောင်း နေရာချထားပေးခြင်းမဟုတ်ဘဲ အမှန်တကယ် အိမ်ဆောက်နေထိုင်မယ့် သူများသာ နေရာချထားပေးခြင်းဖြစ်ကြောင်း၊ ထပ်ဆင့် လွှဲပြောင်းရောင်းချခြင်း၊ ငှားရမ်းခြင်း မပြုပါကြောင်းနဲ့ မိမိကိုယ်တိုင်သာ နေထိုင်မည်ဖြစ်ကြောင်းပါရှိပါတယ်။
ဒါ့အပြင် နေရာချထားပြီး ၃ လအတွင်း စတင်ဆောက်လုပ်ရမှာဖြစ်ပြီး ၁ နှစ်အတွင်း နေအိမ်အကြမ်းထည် ပြီးစီးအောင် ဆောက်လုပ်ရမှာဖြစ်ကြောင်း၊ နေအိမ်ကို ၁ ထပ် အဆောက်အဦသာ ဆောက်လုပ်ဖို့နဲ့ အဆောက်အဦ ဆောက်လုပ်ရာမှာ နေပြည်တော် စည်ပင်သာယာရေးကော်မတီရဲ့ စည်းကမ်းချက်အတိုင်း လိုက်နာပါမှာ ဖြစ်ကြောင်းတို့ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လုံခြုံရေးအခြေအနေတွေအရ ရာဇသင်္ဟအိမ်ရာ အမှတ် ၁ နဲ့ ၂ တို့မှာ နေထိုင်နေကြတဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစားအရာရှိကြီးတွေရဲ့ လုံခြုံရေးနဲ့ အေးချမ်းစွာ နေထိုင်ရေးတို့အတွက် ရည်ရွယ်ပြီး အဆိုပါ အထူးမြေကွက်တွေရဲ့ အမည်ပေါက် ကွယ်လွန်သဖြင့် အမွေခံဖြစ်သူက မြေငှားစာချုပ် အမည်ပြောင်းလဲခြင်းသာ ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ပါတယ်။
တရားမဝင် လွှဲပြောင်းရောင်းချတာတွေကို တွေ့ရှိရပါက နေပြည်တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲခွင့်ရှိတဲ့မြေအဖြစ် ပြန်လည်သိမ်းဆည်းသွားမယ်လို့ နေပြည်တော်စည်ပင်က ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။