
စစ်ဗိုလ်ချုပ်တွေနဲ့ တိုင်းမှူးတွေကို ဝေဖန်ပြောဆိုခဲ့တဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းကို ပြင်ဦးလွင်မြို့နယ်တရားရုံးက သြဂုတ် ၇ ရက်မှာ ပုဒ်မ ၄ ခုနဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချလိုက်ပါတယ်။
တပ်ထောက်ခံသူဇော်ဘုန်းဟိန်းကို ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)၊ ၃(ခ)(၁၅)၊ ၄၄ တို့နဲ့သြဂုတ် ၇ ရက်က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁ နှစ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“အကဖပုဒ်မ ၃(ခ) (၁၅) က ထောင်ဒဏ် ၇ နှစ်၊ ၅၀၅(က) ၁ နှစ်၊ ၆၆(ဃ)ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၄၄ က ထောင်ဒဏ် ၁ နှစ်၊ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁ နှစ် ချလိုက်တာ။ အမိန့်ချတော့ လာမယ့်သူတောင်မရှိဘူး။ ပြင်ဦးလွင်ပြီးရင် ရန်ကုန်မှာတရားစွဲထားတဲ့ အမှုလည်းရင်ဆိုင်ရဦးမှာ” လို့ ပြောပါတယ်။
ထောင်ဒဏ် ၁၁ နှစ်ကျသွားတဲ့ ကိုဇော်ဘုန်းဟိန်းအနေနဲ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ မေ ၈ ရက်က လူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးခိုင် တိုင်ကြားဖွင့်လှစ်ထားတဲ့ ပုဒ်မ ၆၆ (ဃ) အမှုကိုလည်း ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့ စစ်တိုင်းမှူးတွေကို ဝေဖန်ပြောဆိုခဲ့တဲ့ ဇော်ဘုန်းဟိန်းကို စစ်ကောင်စီက ဇွန် ၂ ရက်မှာ ပြင်ဦးလွင်မြို့နယ်က သူ့ရဲ့နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။