Home
မြန်မာသတင်း
ဆိုက်ဘာလုံခြုံရေးဥပဒေကြောင့် အင်တာနက်အသုံးပြုသူများ စိုးရိမ်
DVB
·
August 8, 2025

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က စတင်အသက်ဝင်ကျင့်သုံးလိုက်ပြီလို့ ကြေညာခဲ့တဲ့ စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေကြောင့် မြန်မာပြည်တွင်းက အင်တာနက် အသုံးပြုသူတွေကြား စိုးရိမ်နေကြပါတယ်။

နိုင်ငံတကာမှာလည်း ဆိုက်ဘာလုံခြုံရေးဥပဒေ ဆိုတာရှိပြီး အကာအကွယ်ပေးဖို့အတွက် ရည်ရွယ်ကြပေမဲ့ စစ်ခေါင်းဆောင် အတည်ပြု လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံက ဥပဒေကတော့ ဆန့်ကျင်ဘက်အနေနဲ့ အများပြည်သူကို အကာအကွယ်ပေးဖို့ထက် ဖိနှိပ်ချုပ်ချယ်ဖို့၊ ချုပ်ကိုင်ဖို့အတွက်သာ ဖြစ်တယ်လို့ ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူတွေက  ပြောပါတယ်။

ဒီဥပဒေအရ ပုဒ်မ ၃၃ အရ နိုင်ငံအတွင်း အသုံးပြုသူ တသိန်းနဲ့အထက်ရှိတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပြင် အသုံးပြုမှု မှတ်တမ်းတွေကို ၃ နှစ်အထိ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၃၄ ဖော်ပြချက်အရတော့ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို တည်ဆဲဥပဒေတရပ်ရပ်အရ အခွင့်အာဏာရရှိထားတဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းက စာနဲ့ တောင်းခံလာပါက ထုတ်ပေးရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

ဒီပြဋ္ဌာန်းချက်တွေဟာ တိကျရှင်းလင်းမှု မရှိတဲ့အတွက် လူထုအပေါ် ပုဂ္ဂလိက ဒေတာလုံခြုံရေး အခွင့်အရေးနဲ့ လူ့အခွင့်အ‌ရေးတွေကို ချိုးဖောက်ပြီးတော့ ဥပဒေကြောင်းအရ ဖိနှိပ်နိုင်တဲ့ အခြေအ‌နေ ဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူ ကိုသစ်ဉာဏ်က ဆိုပါတယ်။

“တကယ်တမ်းဆိုရင်တော့ လူတွေရဲ့ Privacy နဲ့ ပတ်သက်တဲ့ဟာတွေ၊ ဒေတာတွေ ဆိုတဲ့ဟာက crime တွေ ဖြစ်လာတယ်၊ ဒါမှမဟုတ် ဥပဒေကြောင်းအရ ပြောစရာဆိုစရာ အရေးကိစ္စတွေ ဖြစ်လာပြီဆိုရင် တရားရုံးရဲ့ ခွင့်ပြုချက်နဲ့မှ တောင်းခံရမယ် ဆိုတဲ့ကိစ္စမျိုး တကယ်တမ်း အကာအကွယ်ပေးမှု လုပ်ချင်ရင် အဲဒါမျိုး ရှိရမှာပေါ့နော်။ ဒါပေမဲ့ အဲလိုမဟုတ်ဘဲနဲ့ အခွင့်အာဏာရှိသူလို့ ပြောလိုက်တာ ဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရဆိုရင် ဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးက လာတောင်းရင်လည်း ပေးရမယ့်သဘော ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အာဏာရှိနေတာကိုး။ ဒါကြောင့်မို့လို့ ကျနော်တို့က ၃ နှစ် သိမ်းထားပေးရမယ်။ အဲလို မသိမ်းထားဘူးဆိုရင် အရေးယူမှုတွေက အများကြီးရှိနေတယ်။ ငွေဒဏ်တွေလည်း ရှိနေတယ်၊ ထောင်ဒဏ်တွေလည်း ရှိနေတယ်။ ငွေဒဏ်နဲ့ ထောင်ဒဏ်နဲ့ ၂ ခုစလုံးနဲ့ အရေးယူခံရမယ့် အခြေအနေကလည်း ရှိနေတာကို တွေ့ရတယ်။ အဲ့တော့ အဲလိုပေးလိုက်ပြီဆိုရင် အလွယ်တကူ အချက်အလက်တွေကို ရသွားနိုင်တာပေါ့။ ဒါဟာ Data Privacy အရ လူ့အခွင့်အရေးအရလည်း အလေးထားခြင်း မခံရတာ၊ အကာအကွယ်ပေးခြင်း မခံရတာ၊ ချိုးဖောက်ခြင်းခံရတာ၊ သူတို့က ဥပဒေကြောင်းအရ လုပ်ပါတယ်ဆိုတဲ့ နာမည်တပ်ပြီးတော့ အဖိနှိပ်ခံရတဲ့ အခြေအနေဆိုတာကို ကျနော်တို့ သိသာထင်ရှားစေပါတယ်။”

စစ်ကောင်စီရဲ့ တင်းကျပ်မှုတွေမှာ သုံးစွဲသူတွေကိုသာမက ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှု ပေးသူတွေကိုလည်း တင်းကျပ်နိုင်တဲ့ ဥပဒေတွေကို ထည့်သွင်းပြဋ္ဌာန်းထားပါသေးတယ်။

ပုဒ်မ ၄၃ ပြဋ္ဌာန်းချက်တွေအရ စစ်ကောင်စီဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်း ဒါမှမဟုတ် အီလက်ထရောနစ် သတင်းအချက်အလက်ကို ယာယီပိတ်တာ၊ ဒစ်ဂျစ်တယ် ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ယာယီထိန်းချုပ်တာအပြင် အပြီးတိုင် ပိတ်သိမ်း အရေးယူနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒီပြဋ္ဌာန်းချက်တွေအရဆိုရင် ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ တစ်တော့ခ်တို့လို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေဟာ စစ်ကောင်စီဆီမှာ မှတ်ပုံတင်ဖို့ လိုအပ်သလို သူတို့ရဲ့ ထိန်းချုပ်မှုကို လိုက်နာဖို့လည်း လိုအပ်သလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ပြည်သူအများစုဟာ သတင်းအချက်အလက်တွေကို အွန်လိုင်းကနေ ရနေတာပါ။

ဆိုက်ဘာလုံခြုံရေးဥပ‌ဒေ ပုဒ်မ ၃၁ နဲ့ ၃၂ ကတော့ ပြည်သူတွေရဲ့ သတင်းအချက်အလက် ရပိုင်ခွင့်ကိုပါ ခြိမ်းခြောက်နေပါတယ်။

အဲဒီဥပဒေပုဒ်မတွေအရ ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ခ်လို ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေဟာ စစ်တပ်လက်အောက်ခံ ဦးစီးဌာနက ဖျက်ခိုင်းတဲ့ အကြောင်းအရာတွေကို ဖျက်ပေးရမှာဖြစ်ပြီး မလိုက်နာရင် အရေးယူခံရမှာပါ။ အဲဒါဟာ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို ပိုဆိုးစေမယ်လို့ ဆိုပါတယ်။

မြန်မာအင်တာနက်ပရောဂျက် (MIP) က ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူ ကိုသစ်ဉာဏ်က “အခုလည်း တချို့သော အင်တာနက်စာမျက်နှာတွေ ဝင်ကြည့်လို့မရပါဘူး။ ပြည်တွင်းထဲကဆိုရင်။ သူတို့ ပိတ်ထားတယ်။ လွတ်လပ်တဲ့ မီဒီယာတွေ၊ လူထုရဲ့ သတင်းသိပိုင်ခွင့်၊ သတင်းတွေနဲ့ ပတ်သက်တဲ့ အရာတွေ၊ မီဒီယာကျင့်ဝတ်နဲ့အညီ need to know တွေ၊ want to know တွေ လုပ်ပေးနေတဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ အင်တာနက်စာမျက်နှာတွေဆိုရင် ပြည်တွင်းထဲကနေ ဝင်ကြည့်လို့ မရပါဘူး။ သတင်းသိပိုင်ခွင့်တွေ၊ အင်တာနက် သုံးစွဲပိုင်ခွင့် အကုန်လုံးက ဒီဥပဒေကြောင်းအရ မဟုတ်ဘဲနဲ့လည်း ဆုံးရှုံးနစ်နာမှုတွေ ကြုံနေရတယ်။ ဒီဥပဒေကို အကြောင်းပြပြီးတော့လည်း ပုဒ်မ ၇၂ အရ အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော ဆိုတဲ့ ကိစ္စမျိုးမှာ ဥပမာ ကျနော့်ရဲ့ device ထဲမှာ DVB ရဲ့ စာမျက်နှာ ရှိနေတယ်ဆိုရင် ဒီဟာက တရားမဝင်ဘူးလို့ ပြောထားရင် ကျနော့်ရဲ့ ကွန်ပျူတာ device ထဲမှာ၊ နောက်ဆုံး digital device လို့ပြောရင် အိမ်မှာ smart tv တွေ ရှိလာတယ်လေ။ လွတ်လပ်တဲ့ သတင်းဌာတွေကို သုံးနေတယ်ဆိုရင် ဒီဟာက အကျုံးဝင်တယ်ဆိုရင် အရပ်စကားအရ ဆွဲစိလို့ရတယ်။ အများကြီး သူတို့ ပြင်ဆင်ထားတယ်၊ မလွတ်စေရဘူး။ အများပြည်သူကို ဒုက္ခပေးဖို့ အများပြည်သူရဲ့ privacy ကို ချိုးဖောက်ဖို့ အများပြည်သူရဲ့ လူ့အခွင့်‌အရေးတွေကို ထိပါးဖို့ ဘယ်အချက်မှ မလွတ်စေရဘူးနော်” လို့ ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်ပြီးကတည်းက ရန်ကုန်မှာ ဖမ်းဆီးတာတွေ၊ ဖုန်းစစ်တာတွေ ပြန်လုပ်လာတယ်လို့ ရန်ကုန်မြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“အခု ဆိုက်ဘာလုံခြုံရေးဥပဒေအသစ် ပြပြီးတော့ ရန်ကုန်မှာ ဖမ်းဆီးတာတွေ၊ ဖုန်းစစ်တာတွေတော့ ရှိလာတယ်ဗျ။ အရင်တုန်းကဆိုလည်း ၂၀၂၁၊ ၂၀၂၂ ဆိုတုန်းကလည်း လှည်းတန်းတဝိုက်မှာ အဖမ်းခံရတာတွေ၊ ဖုန်းစစ်တာတွေ အမြဲတန်း ရှိခဲ့တယ်။ နောက်ပိုင်းကျမှ နည်းနည်းလေး သက်သာပြီးတော့ အခု ၂၀၂၅ ဇွန်၊ ဇူလိုင်မှာ ပြန်ဖြစ်လာတယ်လို့တော့ ပြောလို့ရတာပေါ့လေ။ အပြင်သွားရင်တော့ ကိုယ့်ဖုန်းထဲမှာ VPN ပါနေတာတွေကို ပြန်ပြန် ဖြုတ်နေရတာကလည်း အလုပ်တခုလို ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ အမြဲတန်းတော့လည်း ဘယ်သူမှ မဖြုတ်နိုင်ဘူးပေါ့။ လုံခြုံမှုကတော့ မရှိဘူးလို့ဘဲ ပြောရမှာပေါ့။”

ဒီဆိုက်ဘာလုံခြုံရေးဥပဒေမှာ အမှန်ကတယ်ကတော့ VPN ထူထောင်တာနဲ့ ဝန်ဆောင်မှု ပေးတာတွေကို ‌အများဆုံး ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ကျပ် သိန်း ၁၀၀ အထိ ပြစ်ဒဏ်ပေးဖို့ ပါဝင်နေတာဖြစ်ပြီး VPN ဆော့ဖ်ဝဲတွေကို ရယူသုံးစွဲမှုတွေနဲ့ ပတ်သက်လို့ ပိတ်ပင်တာ၊ ကန့်သတ်တာတွေတော့ မဖော်ပြထားပါဘူး။

VPN ကို ထူထောင်တာ၊ ဝန်ဆောင်မှုပေးတာတွေအတွက် စစ်အုပ်စုက ခွင့်ပြုချက်ယူဖို့ လိုတယ်လို့သာ ပါရှိတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဥပဒေပြဋ္ဌာန်းချက်တွေဟာ ရှင်းလင်းတိကျတာတွေ မရှိတဲ့အတွက် ဖုန်းထဲမှာ VPN ပါမပါကို စစ်ဆေးပြီး ဖမ်းဆီးတာ၊ အရေးယူတာ၊ ငွေဒဏ်ပေးဆောင်ရတာတွေ ရှိနေပါတယ်။

တဖက်မှာလည်း စစ်အုပ်စုက သူတို့ခွင့်ပြုတဲ့ VPN ကိုသာ သုံးစွဲရမယ် ဆိုတဲ့အချက်မှာလည်း ဒေတာလုံခြုံရေး စိန်ခေါ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကတော့ ဒီဆိုက်ဘာလုံခြုံရေးဥပဒေက စစ်အုပ်စုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူတွေ အမှန်တရားကို သိမြင်နိုင်ခွင့်တွေ ရပ်တန့်သွားဖို့ ဘာမဆိုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဥပဒေကို ပြဋ္ဌာန်းတယ် ဆိုတာက အာဏာသိမ်း စစ်အစိုးရရဲ့ သဘာဝတရားတခုပါပဲ။ သူတို့က အမှန်တရားကို ကြောက်တတ်ကြတယ်၊ အမှန်တရားကို ငြင်းပယ်ချင်ကြတယ်။ ကျနော် တခါတလေ နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာစစ်အာဏာသိမ်း အစိုးရအကြောင်း ပြောတဲ့အခါ မှိုတွေနဲ့ ခိုင်းနှိုင်းဖူးပါတယ်။ မှိုတွေက အမှောင်ထဲမှာပဲ ပေါက်ဖွားကြတယ်လေ။ ဒီစစ်အစိုးရဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ်ချင်ကြတယ်၊ အကြောင်းကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာက စစ်အုပ်စုကို ဆန့်ကျင်တဲ့ အကြောင်းအရာတွေဖြစ်ပြီး ပြည်သူတွေကို စစ်အစိုးရက ဘယ်လို ထိခိုက်နစ်နာစေတယ် ဆိုတာကို ဖော်ပြတဲ့ အကြောင်းအရာတွေ ဖြစ်တတ်တာကြောင့်ပါ။ အဲဒါကြောင့် သူတို့က လွတ်လပ်စွာဖော်ပြခွင့်၊ အမှန်တရားကို သိရှိနိုင်မယ့် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို တားမြစ်ဖို့ ဘာမဆို လုပ်နေတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အနည်းဆုံးတော့ ဒီအခြေအနေကို ထုတ်ဖော်တာ၊ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်က အမှန်တရားကို ထုတ်ဖော်ကြဖို့ လိုအပ်ပါတယ်။”

ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စစ်ခေါင်းဆောင် လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေကို ဇူလိုင် ၃၀ ရက်ကစပြီး ကျင့်သုံးနိုင်တယ်လို့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024