
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းကို သြဂုတ် ၅ ရက်က ပေးအပ်ခဲ့ပါတယ်။
ဒီအထူးရန်ပုံငွေနဲ့ စီမံကိန်း ၁၄ ခုဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ပုံငွေ လွှဲပြောင်းဆိုင်ရာ သဘောတူညီချက်ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နဲ့ တရုတ်သံအမတ် မစ္စမာကျားတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်သံရုံးက သတင်း ထုတ်ပြန်ပါတယ်။
ဆောင်ရွက်သွားမယ့် စီမံကိန်း ၁၄ ခုမှာ စိုက်ပျိုးရေးနည်းပညာ၊ သိပ္ပံနဲ့ နည်းပညာ၊ ယဉ်ကျေးမှုဖလှယ်မှု၊ ဥပဒေဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနဲ့ ကုန်သွယ်ရေကြောင်း သွားလာမှု စတဲ့နယ်ပယ်တွေမှာ ဝန်ကြီးဌာန ၉ ခုက အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစပျိုးတဲ့နေရာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကစလို့ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေအနေနဲ့ စီမံကိန်းစုစုပေါင်း ၁၃၂ ခုရရှိခဲ့ကာ မဲခေါင်နိုင်ငံတွေအားလုံးမှာ အရေအတွက်အများဆုံး ရရှိတာဖြစ်တယ်လို့ တရုတ်သံအမတ် မစ္စမာကျားက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်ကစတင်ပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်ကနေ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၃ သန်း အထောက်အပံ့ပေးခဲ့သလို မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် ပြန်လည်ထူထောင်ရေးအတွက် ယွမ် ၁ ဒသမ ၁ ဘီလီယံ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။