
ရောဂါစစ်ဆေးချက်တွေအရ အာဏာသိမ်းစစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေအနေနဲ့ လက်ရှိအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေတဲ့အတွက် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ အမျိုးသားကာကွယ် ရေးနဲ့လုံခြုံရေးကောင်စီက ဒီနေ့ ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေအနေနဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုံ့နှေးခြင်းနဲ့ အစာအာဟာရ စားသုံးနိုင်မှု အားနည်းလာတာတွေကို စတင်ခံစားခဲ့ရတဲ့အတွက် အထူးဆေးကုသမှုအဖွဲ့က အထူးကုဆရာဝန်ကြီးတွေပါတဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်တွေအရ အာရုံကြောတွေ နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါ (Parkinson's Disease) နဲ့ ၎င်းနဲ့ဆက်စပ်ပြီးဖြစ်တဲ့ အာရုံကြောအားနည်းရောဂါတွေ ခံစားနေရတာကို တွေ့ရှိရတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center နဲ့ မေ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင် ၁၀၀၀ တို့မှာ ဆေးကုသမှုတွေခံခဲ့တယ်လို့ ဆိုပါတယ်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်တဲ့ အထူးဆေးကုသမှုအဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးကုသမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းမရှိတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး နေအိမ်မှာပဲ ဆေးခွင့်နဲ့ အနားယူ ဆေးကုသမှု ခံယူနေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင် ၂၄ ရက်နေ့မှာ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှာ ထပ်မံဆေးရုံတက် ကုသမှုခံယူခဲ့တယ်လို့ ဆိုပါတယ်။