
စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားတဲ့ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)ကို သြဂုတ် ၄ ရက် နေ့လယ်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မဟာဗန္ဓုလပန်းခြံလမ်းက တိုင်းတရားရုံးကိုလာပြီးနောက် ပြန်ဖွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဗန္ဓုလပန်းခြံလမ်း ဘားလမ်းကို မင်းအောင်လှိုင် တိုင်းတရားရုံးလာပြီးနဲ့ ချက်ချင်းပြန်ဖွင့်လိုက်တယ်။ အရင်က ပိတ်ထားတဲ့လမ်း။ အခု ဖယ်နေတာ အတားအဆီးတွေကို။ ကားတော့ ပေးမဖြတ်ဘူး။ လူတွေတော့ပေးသွားတယ်” လို့ DVB ကိုပြောပါတယ်။
အဲဒီလမ်းမှာရှိတဲ့ ရန်ကုန်တိုင်းတရားတရားလွှတ်တော်ကို အရင်က မင်္ဂလာလက်မှတ် ထိုးလိုသူတွေသာ ဝင်ထွက်ခွင့်ပြုထားတာ ဖြစ်ပြီး ပေးမဖြတ်တာဟာ ၄ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အဲဒီလမ်းမှာ လမ်းလျှောက်သင်္ကြန်လုပ်တာ၊ ညစျေးတန်းလုပ်တွေ ရှိခဲ့ပါတယ်။