Home
မြန်မာသတင်း
ကြိုတင်မဲပေးရန် ကူညီမည်ဟု ဝန်ကြီးချုပ် ပြော
DVB
·
August 2, 2025

အခုနှစ်ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဌာနဆိုင်ရာတွေထဲကရော ပြည်သူတွေထဲကပါ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်သူတွေကို  ကြိုတင်မဲပေးလို့ရအောင် ကူညီပေးမယ်လို့ ဝန်ကြီးချုပ် ဦးညိုစောက ပြောပါတယ်။

သြဂုတ် ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဦးညိုစောက ပြောဆိုခဲ့တာပါ။

နေပြည်တော်သတင်းအရင်းအမြစ်က “ဝန်ထမ်းတိုင်းသိတယ် ညိုစောမှာ အာဏာမရှိဘူး။ ပြရုပ်တခုပဲ။ ပြောသွားတဲ့ စကားတွေကလည်း အရင်အစည်းအဝေးမှာ မင်းအောင်လှိုင် ပြောခဲ့တဲ့စကားတွေ၊ တချို့ဆို အလွတ်တောင်ရနေပြီ” လို့ DVB ကို ပြောပါတယ်။

အရင်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် ပြောဆိုခဲ့တဲ့အတိုင်း မနေ့က အစည်းအဝေးမှာ  ဦးညိုစောက ပြန်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ ဝန်ကြီးဌာနတွေအနေနဲ့ ကဏ္ဍအလိုက် ဝိုင်းဝန်းကူညီပေးကြဖို့ ဝန်ကြီးချုပ်ဦးညိုစောက မေတ္တာရပ်ခံပါတယ်။

ဇူလိုင်  ၃၁ ရက်က စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးညိုစောကို တာဝန်က အနားပေးပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ ဝန်ကြီးချုပ်နေရာပေးကာ ၃၂ ဦးနဲ့ အစိုးရသစ် ကို ဖွဲ့စည်းပေးခဲ့တာပါ။

ဦးညိုစောကို ဝန်ကြီးချုပ်နေရာပေးခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှာဥက္ကဋ္ဌအဖြစ် ဆက်ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024