
အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို လက်နက်ဖြုတ်သိမ်းဖို့ တောင်းဆိုမှုတွေဟာ အစ္စရေးအတွက်ပဲ အကျိုးရှိလိမ့်မယ်လို့ လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာခေါင်းဆောင် ရှိတ်ခ် နာအီးမ် ကက်ဆမ်က ဇူလိုင် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လက်နက်တိုက်ကို ဖယ်ရှားဖို့အတွက် ဖိအားတွေတိုးနေချိန် ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာခေါင်းဆောင်ကက်ဆမ်က “လက်နက်တင်သွင်းဖို့ တောင်းဆိုသူတွေကပဲ လက်နက်တွေကို အစ္စရေးလက်ထဲအပ်ဖို့ တောင်းဆိုနေတာ။ ဟစ်ဇ်ဘိုလာ အနေနဲ့ အစ္စရေးကို အခုထက်ပိုပြီး လက်အောက်ခံမှာ မဟုတ်ဘူး။ ပြည်တွင်းကပဲဖြစ်ဖြစ် နိုင်ငံတကာအနေနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် အာရပ်ကမ္ဘာအဆင့်ကပဲဖြစ်ဖြစ် ဟစ်ဇ်ဘိုလာကို လက်နက်ဖျက်သိမ်းရေး တောင်းဆိုသူတွေဟာ အစ္စရေးအတွက် လုပ်ပေးနေတာသာ ဖြစ်တယ်” လို့ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ပြောဆိုပါတယ်။
အမေရိကန်က ဒုံးကျည်တွေ ဖယ်ရှားဖို့၊ ဒရုန်းတွေ ဖယ်ရှားပြီးတော့ လက်နက်အားလုံးချဖို့နဲ့ အချိန်အတိုင်းအတာတခုကြာမှ တာလတ်လက်နက်တွေနဲ့ အပေါ့စားလက်နက်တွေကို လက်နက်ချဖို့ ပြောထားကြောင်းနဲ့ အမေရိကန်က အစ္စရေးကို ကြောက်ရွံ့နေတာကြောင့် ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေကို ဖြုတ်သိမ်းဖို့ ဖိအားပေးနေတာလို့လည်း ကက်ဆမ်က ပြောပါတယ်။
လက်နက်ဖြုတ်သိမ်းရေးကလည်း လက်ဘနွန်ရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် မဟုတ်ဘဲ အစ္စရေးနိုင်ငံအတွက် ဟစ်ဇ်ဘိုလာကို ဖိအားလာပေးနေတာလို့လည်း တူရကီဆိုင်ရာ အမေရိကန်သံအမတ်နဲ့ ဆီးရီးယားဆိုင်ရာ အထူးသံတမန် သောမတ်စ် ဘားရက်ခ်ကို စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံမှာ အစ္စရေးရဲ့ စစ်ရေး စစ်ဆင်ရေးတွေကို ရပ်တန့်နိုင်ရေးအတွက် ဆွေးနွေးပွဲတွေကို ပြန်မစတင်ခင်မှာ ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းရေး ကတိပြုထားတဲ့ တရားဝင် ကက်ဘိနက် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ဖို့ အမေရိကန်က လက်ဘနွန်ကို တွန်းအားပေးနေတာလို့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် ၅ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဟစ်ဇ်ဘိုလာဟာ သူ့ရဲ့လက်နက်တိုက်ကို အပြည့်အ၀ လွှဲပြောင်းပေးဖို့ လူသိရှင်ကြား ငြင်းဆိုထားပေမဲ့ သူ့ရဲ့လက်နက်အင်အား လျှော့ချဖို့ ကိစ္စကိုတော့ သီးသန့် ချင့်ချိန်နေတယ်လို့ ဆိုပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လတ်တလောလတွေအတွင်း သူတို့လက်နက် အားလုံးကို လုံးဝအပ်နှံဖို့ဆိုတဲ့ ဖိအားကို လက်ဘနွန်နိုင်ငံအတွင်းကနဲ့ အမေရိကန်အစိုးရဆီကနေပါ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Source: Reuters