ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့က ကျေးရွာပေါင်း ၂၀ ကျော်မှာ ဇူလိုင် ၂၇ ရက်ကစပြီး ရေကြီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းပြားမြို့နယ်ရှိ ပန်းမြောင်းကြီးချောင်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၆ ရွာနဲ့ မြောက်ဦးမြို့နယ်က ကျောက်ဆည်ပြင်၊ လက္ကာ၊ ပေါက်တောပြင်၊ ဝေသာလီ စတဲ့ကျေးရွာတွေမှာ ရေကြီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းအတွင်းရှိတဲ့ ကျေးရွာတွေမှာ ဇူလိုင် ၂၇ ရက်ကနေ ဒီနေ့အထိ ရေကြီးနေဆဲဖြစ်ပြီး မြေနိမ့်ပိုင်းက ကျေးရွာဒေသခံတချို့ကို ကုန်းမြင့်ပိုင်းတွေကို အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ မင်းပြားဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မိုးအဆက်မပြတ်ရွာတော့ တောင်ကျရေနဲ့ ဒီရေတက်လာတာနဲ့ ဆိုတော့ ရေက မစီးဆင်းတော့ တဖြည်းဖြည်းနဲ့ ရေကြီးလာတဲ့သဘောပဲ။ အန္တရာယ်ရှိနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူး။ ဒါပေမဲ့ လယ်တွေက ပျက်စီးမှုတွေရှိနိုင်တယ်။ ရေကျပြီးမှလည်း ပျက်စီးမှုရှိမရှိ အတိအကျ ပြောနိုင်မယ်။”
မင်းပြားမြို့နယ်က ပန်းမြောင်းကြီးဒေသဟာ နှစ်စဉ်နှစ်တိုင်း ရေကြီးလေ့ရှိတဲ့ ဒေသတခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က လူသေဆုံးမှုတွေအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ်က ရေကြီးနေတဲ့ ကျေးရွာတွေမှာ မြင်းတင်မ၊ ဒုံးသား၊ ပုလဲတောင်၊ ဝါးတောင်၊ မင်းဖူး၊ မြင်းကဆိပ်၊ ကုလားမတောင်၊ ဒုံကြီး၊ လက်ခုတ် စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၆ ရွာအထိ ရေကြီးနေတာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ ဇူလိုင် ၂၃ ရက်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပြီး ဇူလိုင် ၂၉ ရက်အထိ မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေဆဲလည်း ဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်မှာ ကျောက်ဆည်ပြင်၊ လက္ကာ၊ ပေါက်တောပြင်၊ ဝေသာလီ၊ ဘူးရွက်မညှိုး စတဲ့ ကျေးရွာတွေမှာလည်း ဇူလိုင် ၂၇ ရက်ကစပြီး မိုးကြီးမှုကြောင့် ရေကြီးမှုတချို့ရှိခဲ့ပြီး ဇူလိုင် ၂၉ ရက်မှာ ရေအနည်းငယ်ပြန်ကျလာပြီလို့ ဝေသာလီကျေးရွာသားတယောက်က ပြောပါတယ်။
“ဒီနေ့ မနက်ပိုင်းကနေ ရေအနည်းငယ်ပြန်ကျနေပြီ။ မိုးလည်းစဲနေတော့ ရေတွေက တဖြည်းဖြည်းကျသွားမယ့် အခြေအနေဖြစ်တယ်။ ရေကြီးနေစဉ်ကတော့ ချောင်းအနီးက အိမ်တချို့တော့ ရွှေ့ပြောင်းလိုက်ရတာရှိတယ်။ အခုတော့ သူတို့လည်း ကိုယ့်အိမ်ကို ပြန်သွားကြပြီ။”
ရခိုင်ပြည်နယ်မှာ ဇွန်လကတည်းကစပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင် စတဲ့ မြို့နယ် ၈ ခုထက်မနည်းမှာ ရေကြီးမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီးတော့ ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော်ဟာလည်း အကူအညီတွေ လိုအပ်နေကြဆဲဖြစ်တယ်လို့ ULA ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။