
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်မှာ ဇူလိုင် ၂၄ ရက် မနက်ပိုင်းက စတင်ကာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ အရပ်သားပြည်သူတွေ သေဆုံးတဲ့အထိ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နယ်စပ်ဒေသမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အန္တရာယ်ကင်းတဲ့ နေရာ ရွှေ့ပြောင်းကြဖို့ ဘန်ကောက်မြန်မာသံရုံးက ဒီကနေ့ ဇူလိုင်လ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြပြီး၊ မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ဒေသတွေဆီကို ခရီးသွားလာတာ ရှောင်ရှားဖို့နဲ့ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအကြား ပြဿနာ မဖြစ်အောင် မိမိတို့ရဲ့ လုံခြုံရေးကို သတိပြုကြဖို့လည်း သတိပေးတိုက်တွန်းထားပါတယ်။
နှစ်နိုင်ငံ နယ်စပ် တိုက်ပွဲတွေကြောင့် ဇူလိုင် ၂၅ ရက်အထိ ထိုင်းဘက်က အရပ်သား ၁၅ ယောက်ထက် မနည်း သေဆုံးကာ ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေး တိမ်းရှောင်နေရကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ မြန်မာ၊ တရုတ်၊ စင်ကာပူ စတဲ့ နိုင်ငံတွေကလည်း အသီးသီး တိုက်တွန်းထားကြပါတယ်။
Photo: Reuters