Home
ဆောင်းပါး
မကြောက်တရားနှင့် ဓမ္မဘက်၊ ပြည်သူဘက်က အစဥ်ရပ်တည်ခဲ့သည့် ရွှေညဝါဆရာတော်
DVB
·
July 23, 2025

မြန်မာ့နိုင်ငံရေးဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့သူ၊ ထောင်နှစ်ရှည်နဲ့ နိုင်ငံရေး အကျဉ်းသားဘဝကို ဖြတ်သန်းခဲ့ရသူ ဓမ္မလမ်းကြောင်းပေါ်ကနေ ပြည်သူဘက်က အစဥ်အဆက် ရပ်တည်ခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဘဝနတ်ထံပျံလွန်တော်မူသွားပြီ ဖြစ်ပေမဲ့ ပြည်သူပြည်သားတွေအတွက် ဓမ္မလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်ဆိုတဲ့ စိတ်ဓာတ်အမွေကိုတော့ ချန်ရစ်ထားနိုင်ခဲ့ပါတယ်။ 

ဇူလိုင်လ ၁၀ ရက်နေ့က ဘဝနတ်ထံ ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်ရဲ့ အန္တိမဈာပန အခမ်းနားကနေ ဧယင်ကျူးရာက ထွက်ပေါ်လာတဲ့ ဆိုင်းသံ၊ စည်သံ၊ လကွင်းသံ၊ နှဲသံတွေဟာ ဈာပနပွဲကို တက်ရောက်လာတဲ့ ရပ်နီးရပ်ဝေးက တပည့်ဒါယကာ၊ ဒါယိကာမတွေအပြင် ရဟန်းသံဃာတော်တွေကိုပါ ဆို့နစ်ကြေကွဲစရာ ဖြစ်စေခဲ့ပါတယ်။

ပြည်သူ့ဘက်က အစဥ်အဆက်ရပ်တည်ခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ အန္တိမဈာပနဟာ ကြက်ပျံမကျစည်ကားခဲ့ပြီး အမေရိကန်သံရုံးနဲ့ အဖွဲ့အစည်းအသီးသီးက လွမ်းသူ့ပန်းခွေတွေ၊ ပန်းခြင်းတွေ၊ ရပ်ဝေးရပ်နီးက ဒါယကာ၊ ဒါယိကာမတွေနဲ့ ရန်ကုန်မြို့စွန်က ရွှေညဝါကျောင်းတိုက်ဟာ အစည်ကားဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ 

ဆရာတော် ငယ်စဥ်က ကြည့်မြင်တိုင်မြို့၊ သာဓုကျောင်းမှာ အတူ စာဝါလိုက်ခဲ့တဲ့ ကိုရင်ဝတ်ဘက် ငယ်သူငယ်ချင်းဖြစ်ခဲ့သူ ဦးဝင်းမောင်က ဆရာတော်ရဲ့ ငယ်စဥ်ဘဝကို အခုလို ပြောပါတယ်။

“ကျနော်တို့က ကိုရင်ဘဝမှာ ၁၂ နှစ်၊ ၁၃ နှစ်က ဆုံခဲ့ရတာပါ။ ၁၂ နှစ်၊ ၁၃ နှစ် ဆိုတော့ ကျနော်တို့က ငယ်ငယ်ပဲ ရှိသေးတာ။ အဲဒီတုန်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်၊ ဆရာတော် ဦးဉာဏ်သောတ ကျောင်းပေါ့ဗျာ၊ အဲဒီမှာ ကျနော်တို့ ဆုံခဲ့ကြတာပါ။ ဆရာတော်က ငယ်ငယ်လေးကတည်းက သူက ကျနော်တို့ သူငယ်ချင်းတွေကိုလည်း ပြောတယ်။ မင်းတို့ မဟုတ်တာ မလုပ်နဲ့၊ မမှန်တာ မလုပ်နဲ့ တို့လမ်းစဥ်ကို မှန်မှန်ကန်ကန် လျှောက်ရမယ်၊ ဒါမှလည်း တို့သာသနာဟာ နေလို့ထိုင်လို့လည်း ကောင်းမှာ။ ကြီးပွားတိုးတက်မှာတွေလည်း တအားပြောတာ။ တအားသွန်သင်တာ၊ သူက ငယ်တုန်းကကိုက စကားတတ်တာ။”

ဆရာတော်ဟာ အသက် တနှစ်အရွယ်မှာ မိခင်ဖြစ်သူ ဆုံးပါးခဲ့ပြီး အသက် ၉ နှစ်အရွယ်မှာ ရွာက ဘုန်းတော်ကြီးကျောင်းမှာ ကိုရင်ဝတ်ပြီး သာဓုကျောင်းကို စာဝါလိုက်ဖို့ ဇာတိရပ်ရွာဖြစ်တဲ့ ရမည်းသင်းမြို့နယ်ကနေ ရောက်ရှိလာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ကိုရင်ဘဝကတည်းက ရွှေညဝါဆရာတော် သီတင်းသုံးခဲ့တဲ့ သာဓုကျောင်းတိုက်အတွင်းမှာ ကျောင်းဝင်းအတွင်း လာရောက်မှီခိုတဲ့ အိမ်ကလေးတွေ ရှိခဲ့ပါတယ်။ ဆင်းရဲတဲ့ ပြည်သူပြည်သားတွေကို အနီးကပ်မြင်တွေ့ခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ် အရှင်ပညာသီဟက နဂိုစိတ်ရင်းအခံဖြစ်တဲ့ ကျေးမွေးကူညီတတ်တဲ့ စိတ်ဓာတ်နဲ့ပဲ ကျောင်းထဲက မပြည့်စုံတဲ့ ဒါယကာ၊ ဒါယိကာမတွေကို တနေ့ကို ဆွမ်းခံ နှစ်ခါထွက်ပြီး ပေးကမ်းစွန့်ကြဲခဲ့တယ်လို့ ဆရာတော်ရဲ့ ကိုရင်ဝတ်ဖက် ငယ်သူငယ်ချင်းဖြစ်ခဲ့သူ ဦးဝင်းမောင်က ဖြည့်စွက်ပြောပြပါတယ်။

ရွှေညဝါဆရာတော်ဟာ ငယ်ရွယ်စဉ်အခါက သာဓုပရိယတ္တိစာသင်တိုက်မှာ စာပေပရိယတ္တိတွေ သင်ကြားခဲ့သလို သီရိမင်္ဂလာပျော်ဘွယ်ကျောင်းတိုက်မှာလည်း ပထမကြီးတန်းစာဝါတွေ၊ ပဋ္ဌာန်းတွေ တက်ရောက် သင်ကြားခဲ့တဲ့ စာချဆရာတော်တပါးလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အရှင်ပညာသီဟဟာ မာတိကာ၊ ဓာတုကထာ၊ ဓမ္မစရိယသုံးကျမ်း စတဲ့ ခက်ခဲနက်နည်းတဲ့ ကျမ်းတွေကို သင်ကြားပေးတဲ့ ရွှေညဝါ နွေရာသီသင်တန်းကိုလည်း ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး နည်းပညာဆရာကောင်းတွေ၊ ပါဠိပါရဂူကောင်း ဆရာတော်တွေနဲ့အတူ‌ ပါဝင် သင်ကြားပေးခဲ့ပါတယ်။

ဆရာတော်ရဲ့ သာသနာအရေး ဓမ္မအရေး ဆောင်ရွက်ခဲ့ပုံတွေနဲ့ပတ်သက်ပြီး ကမာရွတ်မြို့နယ် စာသင်ဖက် ပျော်ဘွယ်ကျောင်း ဆရာတော်က အခုလိုမိန့်ပါတယ်။

“ဆရာတော်ဘုရားဟာ သူကိုယ်တိုင်လည်း အစိုးရအလယ်တန်းတွေ၊ အစိုးရအကြီးတန်းတွေ၊ အစိုးရဓမ္မာစရိယမှာ သုံးကျမ်းရှိတဲ့ထဲက ခက်ခဲနက်နည်းတဲ့ ပါရာဇိကဏ်ကျမ်းကြီးကို ပြီးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားဟာ ပညာရေးကို ဇောက်ချလုပ်မယ်ဆိုရင် တဖက်ကမ်းခတ်ပေါက် မြောက်အောင်မြင်နိုင်တယ်၊ သူ့မှာပညာပါရမီတွေကို ဖြည့်နိုင်တဲ့ စွမ်းအင်တွေရှိပါတယ်။ ဉာဏ်ပညာလည်း သိပ်ကောင်းပါတယ်။ ဉာဏ်ပညာလည်းထက်မြက်ပါတယ်။ သို့သော်လည်း နိုင်ငံရေးကို ဦးစားပေးလိုက်တာကြောင့် ခုဏပြောတဲ့ ဓမ္မ၊ အဓမ္မတွေ မြင်တွေ့လာတဲ့အခါ ဓမ္မဘက်က ရပ်တည်ပြီးတော့ အဓမ္မ မသူတော်တရားတွေ မထွန်းကားအောင် သူစွမ်းနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့ ဆရာတော်ရွှေညဝါဆရာတော်ဟာ ဒီလို အမျိုးဘာသာသာသနာတော်ကို စောင့်ရှောက်ခဲ့တဲ့ ဆရာတော်ဖြစ်တယ်လို့ ဘုန်းကြီးတို့က ခံယူထားပါတယ်။”

ရွှေညဝါဆရာတော်ဟာ သက်တော် ၂၂ နှစ်အရွယ်၊ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံမှာ ဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ ရဟန်းပျိုသမဂ္ဂကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီးတဲ့နောက် အာဏာသိမ်းစစ်အစိုးရရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲ့ဒီနောက် ၂၀၀၂ ခုနှစ်မှာ ရွှေညဝါနွေရာသီသင်တန်းကြီးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သာဓုကျောင်းတိုက်အတွင်းမှာပဲ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကိုဖွင့်လှစ်ခဲ့ပြီး တင့်တယ်လှတဲ့ ရွှေညဝါပညာ့ဗိမ္မာန် သုံးထပ်ကျောင်းဆောင်ကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။

ဆရာတော်ဟာ မြန်မာ့သမိုင်းမှာ ကြီးကျယ်တဲ့ သဘာဝဘေးတခုဖြစ်တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှာ ရွှေညဝါလူငယ်အင်အားစုကို အလျင်မြန်ဖွဲ့စည်းပြီး ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အင်တိုက်အားတိုက် ကူညီခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် လက်ပံတောင်း အရေးအခင်းမှာ မီးလောင်ဗုံးကြဲချခံရတဲ့ သံဃာတော်၊ ဒါယကာ၊ ဒါယိကာမတွေကို သွားရောက်အားပေး လှူဒါန်းတာ၊ ဖိနှိပ်ခံလယ်သမား၊ အလုပ်သမားတွေအတွက် ရပ်တည်ဆောင်ရွက် လှူဒါန်းတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ဓမ္မဘက်နဲ့ ပြည်သူဘက်က အစဥ်ရပ်တည်ခဲ့တဲ့ ဆရာတော်ဟာ ၈၈ ပြည်သူ့အရေးတော်ပုံအပြီး သာဓုကျောင်းတိုက်မှာ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်ပွဲတွေကစလို့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်တဲ့ ပွဲတွေကို စစ်တပ်က စောင့်ကြည့်နေပေမဲ့လည်း သတ္တိရှိရှိ လက်ခံကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

ရမည်းသင်း ရွှေဒါးဘုရားကုန်း နေဆရာတော်နဲ့ မောင်နှမ နှစ်ဝမ်းကွဲတော်စပ်သူက “သူက စစ်တပ်ကိုလည်း မကြောက်ပါဘူး အဲဒီလို။ သူ့အသက်နဲ့ လဲရရင်လည်း မကြောက်ဘူး။ မောင်နှမတွေကိုလည်း မကြောက်နဲ့၊ မှန်တာရပ်တည်၊ ကိုယ် မဟုတ်တာမလုပ်နဲ့၊ ကိုယ် မဟုတ်တာ လုပ်မိရင် ကြောက်၊ ကိုယ် ကောင်းတာလုပ်ရင် မားမားမတ်မတ် ရပ်တည်၊ မကြောက်နဲ့ သူက အဲဒီလိုကလည်း အချိန်ပြည့်ပြောတယ်။ တွေ့တဲ့အချိန်တိုင်းပြောတယ်” လို့ ပြောပါတယ်။

သာသနာ့ဝန်၊ ပြည်သူပြည်သားဝန်ကို စွမ်းစွမ်းတမံထမ်းရွက်ခဲ့တဲ့ ရွှေညဝါဆရာတော်ဟာ ဓမ္မအရေး၊ ပြည်သူပြည်သားအရေးတွေမှာ ပြတ်ပြတ်သားသား ရပ်တည်နေတာ ထင်ရှားလာပြီးတဲ့နောက် ၂၀၁၁ ခုနှစ်၊ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးဝန်ကြီးဌာနပိုင် ဇမ္ဗူသီရိဗိမ္မာန်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးတရားတော်ကို ဟောပြောခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီနောက် ဆရာတော်ကို နိုင်ငံရေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သာဓုကျောင်းတိုက်ကနေ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထွက်ခွာစေခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ရွှေညဝါဆရာတော်နဲ့ အတူနေခဲ့သူ ဦးခင်ဇော် က “၂၀၁၂ ခုနှစ်ကပေါ့၊ သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ ရုံးချိန်းတွေ ခဏခဏ ခေါ်ခေါ်စစ်တယ်။ နောက်ဆုံးကျတော့ နိုင်ငံရေးလုပ်တယ်ဆိုပြီးတော့ သူ့ကို လက်အောက်ခံသာသနာ၊ သာဓုကျောင်းတိုက်က သာသနာရေးလက်အောက်ခံမို့လို့ သူ့ကို အဲဒီမှာမထားဘူးဆိုပြီးတော့ နှင်ထုတ်လိုက်တာပေါ့။ သူက ပြည်သူလူထု စိတ်ဒုက္ခမရောက်ရေးပေါ့၊ အစစအရာရာ ပြည်သူ့ဘက်က ရပ်တည်ပြီးတော့ ကူညီခဲ့တာပေါ့။ အဲဒါကို နိုင်ငံရေးလုပ်တယ်ဆိုပြီးတော့ စွပ်စွဲတော့လည်း မသိဘူးပေါ့လေ။ သူကတော့ ဓမ္မဘက်က ရပ်တည်တာပဲ” လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ NLD ပါတီ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ ကျင်းပခဲ့တဲ့‌ မွေးနေ့မင်္ဂလာအခမ်းနားမှာတော့ အစိုးရသစ်တက်လာရင်လည်း ပြည်သူအပေါ်မှာ လွဲမှားရင် လွဲမှားသလို ဆက်လက်ပြီးတော့ ထောက်ပြဝေဖန် တည့်မတ်ပေးသွားမှာဖြစ်ကြောင်း၊ ဘယ်အစိုးရတက်တက် ပြည်သူဘက်က ရပ်ပြီးတော့ အစိုးရ အမှားအယွင်းကို ယခင်အစိုးရလို၊ နောက်အစိုးရကိုလည်း ဝေဖန်ထောက်ပြ၊ တည့်မတ်၊ ထိန်းကျောင်းသွားမယ်လို့ ပြည်သူလူထုတွေကို မွေးနေ့လက်‌ဆောင်စကားပါးခဲ့ပါတယ်။ 

ဒါ့အပြင် အတိတ်ကဖြစ်ပေါ်ခဲ့တဲ့ အာဃာတတွေ၊ အတ္တမာနတွေကို အားလုံးခဝါချလိုက်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို ရိုးသားနိုးကြားကြိုးစားပြီး အတူရုန်းကန်ဆောင်ရွက်သွားဖို့ ကမာရွတ်မီဒီယာက တင်ဆက်တဲ့ ရွှေညဝါဆရာတော် မွေးနေ့မင်္ဂလာသတင်းကနေ ဖိတ်ခေါ်ခဲ့ပါတယ်။

“အစိုးရသစ် တက်လာရင်လည်း ပြည်သူအပေါ်မှာ လွဲမှားရင်လွဲမှားသလို ဆက်လက်ပြီးတော့ ထောက်ပြဝေဖန် တည့်မတ်ပေးသွားမှာပါလို့။ ဘယ်အစိုးရတက်တက် ပြည်သူဘက်က ရပ်ပြီးတော့ အစိုးရ အမှားအယွင်းကို ယခင်အစိုးရကဲ့သို့ နောက်အစိုးရကိုလည်း ဝေဖန်ထောက်ပြပြီးတော့ တည့်မတ်ထိန်းကျောင်းသွားမှာပါလို့ ဘုန်းကြီးအနေနဲ့ ပြည်သူလူထုတွေကို မွေးနေ့လက်ဆောင် စကားပါးလိုက်ပါတယ်။ အတိတ်က ဖြစ်ပေါ်ပြီးခဲ့တဲ့ အာဃာတတွေ အတ္တတွေ မာနတွေကိုလည်း အားလုံး ခဝါချလိုက်ပါတယ်။ အဲဒီတော့ တင်းမာမှုတွေရှိခဲ့ပေမဲ့ တင်းမာမှုတွေကိုလည်း ဘုန်းကြီးအနေနဲ့ ဒီနေ့မွေးနေ့ကနေစပြီးတော့ ဖြေလျှော့ပြီးတော့ အပြီးပိုင် ခဝါချလိုက်ပါပြီ။ ဘယ်အဖွဲ့အစည်းမဆို ဘုန်းကြီးနဲ့အတူတကွ တိုင်းပြည်အတွက် ရုန်းမယ်ဆိုရင် ရိုးသားစွာ၊ နိုးကြားစွာ၊ ကြိုးစားပြီးတော့ ရုန်းကြပါစို့လို့ မြန်မာပြည်သံဃာထုကိုလည်းပဲ မေတ္တာရပ်ခံ တောင်းပန် လျှောက်ထားလိုက်ပါတယ်။”

ဒီလို အတိအလင်း ပြောထားပေမဲ့လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့ရက်မှာပဲ စစ်တပ်က ဆရာတော်ကို တခြားနိုင်ငံရေးသမားတွေနဲ့အတူ ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ပါတယ်။

အကျဥ်းထောင်ထဲမှာ ဆရာတော်ရဲ့ အသည်းရောဂါကို ပြည့်စုံအောင် ကုသမပေးတဲ့အပြင် ထောင်က လွတ်ချိန်မှာလည်း ဆေးကုသဖို့အတွက် ပြည်ပထွက်ခွာခွင့်မရရှိခဲ့ဘဲ သက်တော် ၆၁ နှစ်အရွယ်မှာပဲ ရွှေညဝါဆရာတော်ဟာ အသည်းရောဂါနဲ့ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ရဲ့ အန္တိမဈာပနကို‌ မှော်ဘီမြို့ရှိ ဆရာတော် နောက်ဆုံးသီတင်းသုံးရာ ရွှေညဝါကျောင်းတိုက်မှာပဲ ကျင်းပခဲ့တာဖြစ်ပြီး ဆရာတော်၊ သံဃာတော်တွေ ရပ်နီးရပ်ဝေးက တပည့်ဒါယကာ၊ ဒါယိကာမတွေနဲ့ စည်ကားခဲ့ပါတယ်။ 

ဆရာတော်ရဲ့ နောက်ဆုံးခရီးဖြစ်တဲ့ ကြွင်းကျန်ရစ်ခဲ့တဲ့ အရိုးပြာအိုးကို မှော်ဘီမြို့ကတဆင့် ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးဆိပ်ကမ်းကနေ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်တို့ ဆုံရာနေရာမှာ ရေမျှော ပူဇော်ခဲ့ပြီး ပင်လယ်ဘက်ကို တဖြည်းဖြည်း ရွေ့လျားသွားတဲ့ ရွှေညဝါဆရာတော်ရဲ့ အရိုးပြာအိုးကို နောက်ဆုံး ဖူးမြော်ခဲ့ရတာ ဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ရဲ့ နောက်ဆုံးခရီးမှာ သူ အမြဲရပ်တည်ခဲ့တဲ့ ဓမ္မလမ်းကြောင်းပေါ်မှာ နောက်ဆုံးအထိ ရပ်တည်ခဲ့တဲ့ တပည့် ပြည်သူပြည်သား ဒါယကာ ဒါယိကာမတွေနဲ့ စည်ကားတင့်တယ်ခဲ့ပါတယ်။ ဆရာတော် မျိုးစေ့ချခဲ့တဲ့ ပြည်သူပြည်သားတွေအတွက် ဓမ္မလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ် ဆိုတဲ့ စိတ်ဓာတ်အမွေကိုတော့ တပည့် ဒါယကာ၊ ဒါယိကာမတွေအတွက် လက်ဆင့်ကမ်း ထားရစ်နိုင်ခဲ့ပါတယ်။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024