ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်နဲ့ ဇလွန်မြို့နယ်မှာ မြစ်ရေမြင့်တက်ဝင်ရောက်မှုကြောင့် စာသင် ကျောင်း ၁ ကျောင်း ပိတ်လိုက်ရပြီး နေအိမ်တွေနဲ့စာသင်ကျောင်းတွေထဲ စတင်ရေဝင် ရောက်နေတယ်လို့ တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆက်မပြတ် မိုးရွာသွန်းနေမှုနဲ့ တိုးမြစ်ရေ မြင့်တက်ဝင်ရောက်လာမှုကြောင့် မအူပင် မြို့နယ်ထဲက အောက်ထုံး ကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာကသာယာကုန်း အခြေခံ ပညာမူလတန်းကျောင်းကို ဇူလိုင် ၂၁ ရက်က စတင်ပိတ်ထားရတယ်လို့ ဆိုပါတယ်။
တိုင်း ပညာရေး မှူးရုံးနဲ့ နီးစပ်သူက “မအူပင်ဘက်က ကျောင်းက ၂၁ ရက်ကကတည်းက ပိတ်တာလို့ သိရတယ်။ ရေကြီး ရေလျှံဖြစ်ပြီး ကျောင်းတွေထဲ ရေဝင်လာလို့ သင်ကြားရေး အလုပ်တွေ လုပ်လို့မရလို့ ပိတ်တာပါ။ ဇလွန်ဘက်မှာတော့ သင်ကျောင်းတွေထဲ ရေဝင်လာတာ ရှိပါတယ်။ လောလောဆယ် စိုးရိမ်ရတဲ့ အဆင့်မဟုတ်သေးလို့ မပိတ်သေးပါဘူး” လို့ ပြောပါတယ်။
မိုးသည်းထန်စ္စာရွာသွန်းကာ ငဝန်မြစ်ရေ မြင့်တက်လာပြီး ဇလွန်မြို့နယ်ထဲက စိန်ကလေးကျေးရွာ၊ သက္ကယ်ကျွန်း ကျေးရွာ စတဲ့ကျေးရွာတွေထဲက နေအိမ်တွေနဲ့ စာသင်ကျောင်းတွေထဲကို ဇူလိုင် ၂၂ ရက်ကစတင်ပြီး ရေဝင်ရောက်နေတာလို့ ဆိုပါတယ်။
ဇလွန်မြို့နယ်ကအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “လောလောဆယ်တော့ ဘယ်မှ မပြောင်းရွှေ့သေးပါဘူး။ အခြေအနေကို အသင့်အနေအထားနဲ့ စောင့်ကြည့်နေပါတယ်။ ရေကတော့ မိုးများရင်တက်လာတယ်။ မိုးရွာတာ ရပ်သွားတာနဲ့ နည်းနည်း ပြန်ကျတယ် ဖြစ်နေတာ။ တချို့အိမ်တွေရဲ့ အောက်ခြေတွေအထိတော့ ရေရောက်နေတယ်” လို့ ပြောပါတယ်။
လက်ရှိ မအူပင်မြို့နယ်မှာ မြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းထဲ ရေဝင်ရောက်လို့ ပိတ်ခဲ့ရတဲ့ ကျောင်းပိတ်ရက်တွေကို မြစ်ရေပြန်လည်ကျဆင်းတဲ့အခါ ကျောင်းပြန်ဖွင့်ပြီး သင်ခန်းစားတွေကို ပြန်လည်အစားထိုးသင်ကြားသွားမယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေမှုကြောင့်နဲ့ ဗီယမ်နမ်နိုင်ငံဘက် ရွှေ့လျားနေတဲ့ မုန်တိုင်း ဝီဖာရဲ့အရှိန်ကြောင့် ဇူလိုင် ၂၆ ရက်အထိ ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်အနှံ့မှာ မိုးရွာတွေသွန်းမယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။