
ဇူလိုင်လ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒဌာနက ဇူလိုင် ၂၁ ရက်မနက်မှာ ခန့်မှန်းထုတ်ပြန်ပါတယ်။
အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်ရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေ အနီးဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA)ကတော့ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ တရုတ် နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ် ကမ်းခြေဒေသကို ဖြတ်ကျော်နေပါတယ်။
မုန်တိုင်းဟာ အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိ ဇူလိုင် ၂၂ ရက်မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာတော့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်တယ်၊ မြန်မာ့ပြင်လယ်ပြင်မှာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး လှိုင်းအမြင့် ၁၁ ပေ မှ ၁၄ ပေ ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မိုး ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင် ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ဧရာ၀တီမြစ်ရေက မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့မှာ ၂ ပေခွဲမှ ၅ ပေခန့် လက်ရှိရေမှတ်တွေရဲ့အထက် မြင့်တက် လာနိုင်ပြီး၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ ၂ ပေခွဲမှ ၄ ပေခွဲခန့် လက်ရှိရေမှတ်တွေ အောက် ကျဆင်း လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ချင်းတွင်းမြစ်ရေက ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နဲ့ ကလေးဝမြို့ တို့မှာ ၂ ပေမှ ၅ ပေ အထိ မြင့်တက်လာနိုင်ပြီး၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့မှာ ၂ ပေခွဲမှ ၃ ပေခွဲခန့် လက်ရှိရေမှတ်အောက် ကျဆင်းလာနိုင်တယ်လို့ သိရပါတယ်။
မြစ်သာမြစ်ရေက ကလေးမြို့မှာ ၃ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေက သီပေါမြို့မှာ ၃ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့မှာ ၂ ပေခန့်စီ၊ စစ်တောင်းမြစ်ရေက တောင်ငူမြို့နဲ့ မဒေါက်မြို့မှာ ပေဝက်မှ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၄ ပေခန့်၊ ပဲခူးမြစ်ရေက ဇောင်းတူမြို့နဲ့ ပဲခူးမြို့မှာ ၅ ပေမှ ၆ ပေခန့်၊ သံလွင်မြစ်ရေက ဘားအံမြို့မှာ ၄ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ၅ ပေခန့်၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့နဲ့ ပုသိမ်မြို့မှာ ၁ ပေခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၁ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၅ ပေခန့် လက်ရှိ ရေမှတ်အထက် မြင့်တက်လာနိုင်ပြီး၊ ငဝန်မြစ်ရေကတော့ ငါးသိုင်းချောင်းမြို့မှာ ၁ ပေခန့် လက်ရှိ ရေမှတ်အောက် ကျဆင်းလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။