Home
ဆောင်းပါး
တော်လှန်ရေးတပ်ဖွဲ့တွေ အားထားရတဲ့ မြန်မာ့ဆင်တွေ
DVB
·
July 20, 2025

ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ထူးခြားတဲ့ တပ်ဖွဲ့တမျိုးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အဲဒါကတော့ ဆင်တပ်ဖွဲ့ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေမှာ ဆင်အကောင် ၂၀၀ လောက်နဲ့ သူတို့ကို ထိန်းကျောင်းတဲ့ ဆင်ဦးစီးတွေ ပါဝင်ပါတယ်။ သူတို့ဟာ တိုက်ပွဲဝင်နေတာမျိုး မဟုတ်ပေမဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အကူအညီပေးနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေ့ကျင့်ထားတဲ့ ဆင်တွေဟာ ရွှံ့လမ်းတွေ၊ လျှို့ဝှက်တောလမ်းတွေကနေတဆင့် ရိက္ခာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးပြီး တော်လှန်ရေးတပ်သားတွေကို ကူညီနေကြပါတယ်။ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတုန်းက မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းတိုင်းထဲက ပျက်စီးသွားတဲ့လမ်းတွေကို ကယ်ဆယ်ရေးသမားတွေနဲ့အတူ ဆင်တွေက ရှင်းလင်းပြုပြင်ပေးခဲ့ကြပါတယ်။ မုတ်သုံမိုးတွေ ရွာသွန်းတဲ့အခါမှာလည်း ရေလွှမ်းမိုးနေတဲ့ နေရာတွေကို ဖြတ်ပြီး ဆေးဝါးနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကို သူတို့ရဲ့ ကျောပေါ်တင်ပြီး သယ်ဆောင်ပေးခဲ့ကြပါတယ်။

ဆင်ဦးစီးတွေဟာလည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်လာပါတယ်။ ‘ဖရဲသီး’ လို့ အမည်ပြောင်ပေးခံထားရတဲ့ ဆင်ဦးစီးတချို့ဟာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် သတင်း အချက်အလက်တွေ စုဆောင်းပေးတဲ့ ‘ပြည်သူ့သတင်းပေး’တွေအဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထဲက သတင်းရင်းမြစ်တဦးက ‘သူလျှိုလုပ်ငန်းအပြင် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ယာယီတဲတွေ ဆောက်လုပ်ပေးတာ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေ (IDPs) ကို ကူညီထောက်ပံ့တာတွေလည်း လုပ်ဆောင်ပေးပါတယ်” လို့ ဆိုပါတယ်။ NUG ဆိုတာကတော့ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားအစိုးရတရပ် ဖြစ်ပါတယ်။

ကားလမ်းမရှိတဲ့ နေရာတွေကို ဆင်တွေက သွားတယ်

မြန်မာ့လက်နက်ကိုင် ပဋိပက္ခတွေမှာ ဆင်တွေကို အသုံးပြုတာက အခုမှမဟုတ်ပါဘူး။ အရင်တုန်းကလည်း မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသတွေမှာ ဆင်တွေဟာ တော်လှန်ရေး တပ်သားတွေနဲ့အတူ အဓိကအားဖြင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ လေ့လာစောင့်ကြည့်ခဲ့သူ စာရေးဆရာ ဘာတေးလ်လင့်တနာကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကချင်ပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာဒေသမှာ ဆင်တွေကို ကြုံတွေ့ခဲ့ရဖူးတယ်လို့ ပြန်ပြောပြပါတယ်။

“ဟိုးအရင် ကာလတွေကတည်းက ကချင်နဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဆင်တွေကို သုံးခဲ့ကြတာပါ။ ၁၉၈၆ ခုနှစ်တုန်းကဆိုရင် ကျနော် ခြေထောက်မှာ ဒဏ်ရာအပြင်းအထန်ရသွားလို့ ဆင်စီးခဲ့ရဖူးတယ်” လို့ ဟူးကောင်းတောင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖွင့်လှစ်ထားတဲ့ ဆင်သင်တန်းစခန်းမှာ နေထိုင်ခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံကို လင့်တနာက ပြန်ပြောပြပါတယ်။

အဲဒီတုန်းက KIA အတွက် ကျောက်စိမ်း၊ သစ်၊ စားနပ်ရိက္ခာနဲ့ လက်နက်တွေကို ဆင်တွေက သယ်ဆောင်ပေးခဲ့ပါတယ်။ KIA ဟာ သစ်တောတွေ ထူထပ်ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ဟူးကောင်းတောင်ကြားနဲ့ အနီးအနားက ခရိုင်တွေမှာ ဆင်တွေကို အခြေခံတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။

“ကချင်ဆင်ဦးစီးတွေ ကျနော့်ကို ပြောပြတာက ဆင်တွေဟာ ရှမ်းနဲ့ အာသံစကား ရောသုံးထားတဲ့ စကားလုံးနဲ့ အမိန့်တွေကိုပဲ နာခံတယ်တဲ့”လို့ လင့်တနာက ဆိုပါတယ်။

“ဒါက ဘာကို ပြနေလဲဆိုတော့ မြန်မာနိုင်ငံမှာ ဆင်တွေကို လေ့ကျင့်ပေးခဲ့ကြတာက ကချင်ပြည်နယ်က တိုင်းရင်းသား ရှမ်းအုပ်စုတွေနဲ့ အာသံဆင်ဦးစီး (အာသံပြည်နယ် ဗြဟ္မပုတ္တရမြစ်ဝှမ်းနဲ့ အရှေ့အာရုနာချယ်ပရာဒေ့ရှ်က မိုရန်လူမျိုး) တွေ ဖြစ်တယ်ဆိုတာပါပဲ” လို့ သူက ဆက်ပြောပါတယ်။

ဟူးကောင်းတောင်ကြားက ဆင်စီးသမားတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုတေသနလုပ်ခဲ့တဲ့ ပထဝီဝင်ပညာရှင်နဲ့ စာရေးဆရာ ဂျေကော့ဘ်ရှဲလ်က KIA တပ်သားတချို့ဟာ ကျွမ်းကျင်တဲ့ ဆင်ဦးစီးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“၂၀၁၅ ခုနှစ်လောက်မှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့တွေဆီ ကုန်ပစ္စည်းတွေနဲ့ ခရီးသည်တွေကို ကားလမ်းမရှိတဲ့ တောလမ်းတွေကနေတဆင့် စစ်တပ်ကင်းလှည့်ယာဉ်တန်းတွေ မမြင်နိုင်တဲ့ နေရာတွေအထိ သယ်ပို့ပေးဖို့ ဆင်အကောင် ၅၀-၆၀ လောက် ရှိခဲ့ပါတယ်။ ကားလမ်းမရှိတဲ့ နေရာတွေကို ဆင်တွေက သွားပါတယ်” လို့ သူက ပြောပါတယ်။ တော်လှန်ရေးစခန်းတွေက သတင်းရင်းမြစ်တွေရဲ့အဆိုအရ အခုအခါမှာ တော်လှန်ရေးခေါင်းဆောင်ငယ်တွေဟာလည်း ဆင်စီးဖို့ သင်ယူနေကြပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ အကြီးဆုံးအမျိုးသားဥယျာဉ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းက အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် (AKNP) မှာရှိတဲ့ ဆင်ဦးစီးများကော်မတီရဲ့ လက်ထောက်ခေါင်းဆောင်နဲ့ ဆင်ဦးစီးတယောက်ဖြစ်သူ ကိုဇော်လွင်က အီးမေးလ်ကနေတဆင့် ဖြေကြားရာမှာ မိုးရာသီအတွင်းမှာ သူနဲ့ သူ့ရဲ့ဆင်ဦးစီးတွေဟာ “ဆင်ဦးစီး မိသားစုတွေအတွက် ရိက္ခာတွေနဲ့ ဝေးလံခေါင်ဖျားဒေသတွေက လူနာတွေကို သယ်ယူပို့ဆောင်ပေးဖို့ ဆင်တွေကို အသုံးပြုပါတယ်” လို့ ဆိုပါတယ်။

သတင်းတွေအရ ၂၀၂၁ ခုနှစ် ဇွန်လမှာ AKNP ကို ပိတ်ခဲ့ပါတယ်။ ဒါဟာ ဆင်ထိန်းတွေနဲ့ သူတို့ မိသားစုတွေက အစိုးရပေးထားတဲ့ ဥယျာဉ်ထဲက အိမ်ရာတွေကနေ ထွက်ခွာပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်လာပြီး တလအကြာမှာ ဖြစ်ပါတယ်။

နောက်ထပ် AKNP ဆင်ဦးစီး ကိုဌေးအောင်ကလည်း “လူနာနဲ့ ရိက္ခာသယ်တာအပြင် တော်လှန်ရေးတပ်ဖွဲ့တွေ အကူအညီ လိုတဲ့အခါတိုင်းမှာလည်း သူတို့ကို ထောက်ပံ့ဖို့ ဆင်တွေကို အသုံးပြုပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

မြန်မာ့ထုံးစံအရ အလုပ်လုပ်တဲ့ဆင်တွေဟာ များသောအားဖြင့် ကျွန်းသားနဲ့ ထွင်းထုထားတဲ့ သစ်သားခလောက်တွေကို ဝတ်ဆင်ကြပါတယ်။ ခလောက်တခုချင်းစီက ထွက်တဲ့အသံဟာ အနည်းငယ်ကွဲပြားပြီး ဆင်ဦးစီးတွေက အဲဒီအသံကို မှတ်မိကြပါတယ်။ မိုးရေစိုရွှဲနေတဲ့ ကာလတွေမှာ သယ်ယူပို့ဆောင်ရေးဆင်တွေဟာ အခြေခံပစ္စည်းတွေကို သယ်ဆောင်ပေးနိုင်တဲ့ တခုတည်းသောနည်းလမ်း ဖြစ်နေပါဝာယ်။ သူတို့ရဲ့ တိတ်ဆိတ်တဲ့ ခြေလှမ်းတွေက တော်လှန်ရေးတပ်သားတွေ ပဋိပက္ခဇုန်တွေထဲမှာ သွားလာလှုပ်ရှားတဲ့အခါ အားသာချက်အချို့ကို ရရှိစေပါတယ်။

ဒါပေမဲ့ ဆင်စွယ်ပါတဲ့ ဆင်တပ်ဖွဲ့ကြီးတခုလုံးကိုတော့ သတိမထားမိဘဲ နေဖို့ဆိုတာ ခက်ခဲပါတယ်။

“ဆင်တွေက အကောင်ကြီးတွေလေ၊ သူတို့ ပုန်းလို့မရဘူး”လို့ လင့်တနာက ပြောပါတယ်။ ဒါပေမဲ့ သူတို့မှာ တခြားအားသာချက်တွေ ရှိတယ်လို့ သူက ထပ်ဆိုပါတယ်။ "ကချင်တွေ ကျနော့်ကို ပြောပြတာက ကုန်ပစ္စည်းသယ်တဲ့အခါ ဆင်နဲ့ လားကြားမှာ အဓိကကွာခြားချက်တခု ရှိတယ်တဲ့။ ဆင်တွေက သွားရင်းနဲ့ တောလမ်းဘေးက ဝါးတွေ၊ အသီးအရွက်တွေကို စားသွားကြတယ်၊ ဒါပေမဲ့ လားတွေကတော့ အဲဒီလို မဟုတ်ဘူး၊ သူတို့ကို ထိန်းတဲ့သူတွေက မြက်ခြောက်တွေ သွားရှာပေးရတယ်”လို့ သူက ဆိုပါတယ်။

တော်လှန်ရေးရဲ့ ဆင်တပ်ဖွဲ့များ

မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားတဲ့အဖွဲ့တွေက ဆင်တွေကို နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ထားပြီး နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါ သူတို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတခု ရှိလာလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ရဲ့ အဆိုအရ လက်ရှိမှာ ဆင်အကောင် ၂၂၇ ကောင်ဟာ မြန်မာ့တော်လှန်ရေးအတွက် အမှုထမ်းနေပါတယ်။ အဲဒီထဲက ၃၇ ကောင်ဟာ အလောင်းတော်ကဿပက ဖြစ်ပြီး ကျန် ၁၉၀ ကောင်ကတော့ တချိန်က နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) က ပိုင်ဆိုင်ခဲ့တဲ့ ‘အလင်းဝင်ဆင်များ’ ဖြစ်ပါတယ်။ “အာဏာသိမ်းပြီးကတည်းက ကျနော်တို့ရဲ့ လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ ကျန်းမာရေးအတွက် လုံခြုံတဲ့နေရာတွေဆီ အဆက်မပြတ် ပြောင်းရွှေ့နေရပါတယ်။ အခုထိတော့ ပဋိပက္ခကြားမှာ မညပ်မိအောင် ရှောင်နိုင်ခဲ့ပါတယ်” လို့ ကိုဇော်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာရှမှာ မွေးမြူရေးဆင်ကောင်ရေ အများဆုံးရှိပေမဲ့ မွေးဖွားနှုန်းနည်းပြီး သေဆုံးနှုန်းမြင့်တာကြောင့် သူ့အလိုလို မျိုးဆက်တည်တံ့နိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ NUG သတင်းရင်းမြစ်တွေက ပေးတဲ့အချက်အလက်တွေအရ နိုင်ငံရဲ့ စုစုပေါင်း ဆင်ဦးရေဟာ ၇,၂၀၀ လောက်ရှိပါတယ်။ အဲဒီထဲက ၅,၂၀၀ နီးပါးဟာ မွေးမြူထားတဲ့ဆင်တွေ ဖြစ်ပြီး ၂,၀၀၀ လောက်ပဲ တောထဲမှာ ကျန်ပါတော့တယ်။ တောဆင်တွေဟာလည်း တရားမဝင် အမဲလိုက်ခံရတာ၊ နေထိုင် ကျက်စားရာ နေရာတွေ ဆုံးရှုံးတာနဲ့ လူနဲ့ ဆင် ပဋိပက္ခဖြစ်တာတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်။

မြန်မာနိုင်ငံမှာ မွေးမြူထားတဲ့ ဆင်တွေရဲ့ ထက်ဝက်လောက်ကို MTE က ပိုင်ဆိုင်ပြီး ကျန်တဝက်ကိုတော့ ပုဂ္ဂလိကပိုင်ရှင်တွေက ပိုင်ဆိုင်ကြပါတယ်။ သူတို့ထဲက တချို့ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်က ဒေသတွေမှာ နေထိုင်ကြပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army - PLA) က စစ်ကောင်စီပိုင် သစ်ထုတ်လုပ်ရေးစခန်းတွေကနေ ဆင်အကောင် ၁၃၈ ကောင်ကို ဖမ်းဆီးရမိပြီးနောက်မှာ MTE လက်အောက်မှာ ဆင်အကောင် ၃,၂၀၀ လောက် ကျန်ရှိနေသေးတယ်လို့ NUG ရဲ့ MONREC က ခန့်မှန်းထားပါတယ်။ အဲဒီဆင်တွေကို အဓိကအားဖြင့် သစ်ထုတ်လုပ်ရေးမှာ အသုံးပြုပါတယ်။ ဒီထဲက အကောင် ၂၀၀ လောက်ကို သစ်တောဦးစီးဌာနက စီမံခန့်ခွဲပြီး နောက်ထပ် အကောင် ၂,၀၀၀ ကတော့ ပုဂ္ဂလိကကဏ္ဍက ပိုင်ဆိုင်ကာ ဂေဟခရီးသွားဥယျာဉ်တွေ ဒါမှမဟုတ် ပြည်တွင်းစက်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြပါတယ်။

NUG အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ အခုတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဆင်တွေကို “တော်လှန်ရေးအလွန်ကာလမှာ နိုင်ငံတော်ထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးသွားမှာပါ” လို့ သိရပါတယ်။

“ဆင်သင်တန်းဆရာတွေနဲ့ သူတို့မိသားစုတွေ၊ ပြီးတော့ ပြည်သူလူထု တွေကလည်း ဒီအချက်ကို အပြည့်အဝသဘောတူပါတယ်” လို့ အဆိုပါအရာရှိက ပြောပါတယ်။ “ဒီကာလအတွင်းမှာ ဆင်တွေရော သူတို့ကို ထိန်းသိမ်းစောင့်ရှောက်သူတွေပါ ဘေးကင်းလုံခြုံရေးက အရေးအကြီးဆုံးပါပဲ။”

စစ်ကောင်စီအတွက်ကတော့ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ဦးစားပေးအဆင့် မဖြစ်နိုင်ပါဘူး။ ထိုင်းနိုင်ငံအခြေစိုက် ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင် အဒမ်အော့စ်ဝဲလ်က စစ်တပ်ဟာ သူတို့ကိုယ်တိုင် ရှင်သန်ရေးအတွက်ပဲ အာရုံစိုက်နေရလို့ ဒီကိစ္စကို သိပ်အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“စစ်တပ်က သူတို့ရဲ့ ရပ်တည်မှုအတွက် အကျပ်အတည်းဖြစ်နေပြီး အခုဆို နိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ကိုပဲ ထိန်းချုပ်နိုင်တော့သလို ဖိအားအကြီးအကျယ်နဲ့လည်း ရင်ဆိုင်နေရတယ်” လို့ အော့စ်ဝဲလ်က ပြောပါတယ်။ 

“သူတို့မှာ အမျိုးသားဥယျာဉ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လျှပ်စစ်မီးလိုမျိုး အခြေခံဝန်ဆောင်မှုတွေကို ထိန်းသိမ်းထားဖို့ အရင်းအမြစ်နဲ့ စွမ်းဆောင်ရည် မရှိတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ မြို့တော်မှာတောင် လူတွေက တစ်နေ့ကို ၃ နာရီလောက်ပဲ မီးရတယ်။ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ အကြီးအကျယ် ယိုယွင်းနေတဲ့အချိန်မှာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာ သူတို့အစိုးရိမ်ဆုံးကိစ္စမဟုတ်တော့ဘူး။ ဒါဟာ သူတို့ လုံးဝဂရုမစိုက်တဲ့ အရာတခုပဲ။”

ဘုရင်စနစ်ရဲ့ သင်္ကေတ ဆင်ဖြူတော်များ

အရှေ့တောင်အာရှနိုင်ငံအများအပြားမှာ အထွတ်အမြတ်ထားကြတဲ့ အရေပြားအရောင် ပုံမှန်မဟုတ်ဘဲ ဖြူဖျော့နေတဲ့ အာရှဆင်ဖြူတော်တွေဟာ ဘုရင်နဲ့ တိုင်းပြည်အတွက် စည်ပင်ဝပြောမှုကို ဆောင်ကြဉ်းပေးတယ်လို့ ရှေးယခင်ကတည်းက ယုံကြည်ခဲ့ကြပါတယ်။ တဖက်မှာလည်း “ဆင်ဖြူတော်” လို့ မြန်မာလိုခေါ်တဲ့ တော်ဝင်ဆင်ဖြူတကောင် သေဆုံးသွားတာဟာ မကောင်းတဲ့ နိမိတ် ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျခြင်းရဲ့ သတိပေးချက်အဖြစ် မှတ်ယူလေ့ရှိကြပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော်မှာ အထွတ်အမြတ်ထားတဲ့ ဆင်ဖြူတော် အမတစ်ကောင် ရုတ်တရက် သေဆုံးသွားတာကို လူအများအပြားက မကောင်းတဲ့ နိမိတ်တခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ အထူးသဖြင့် ရက်သတ္တပတ်အနည်းငယ်အကြာမှာ နိုင်ငံမှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ တချို့ကတော့ ဒါကို သဘာဘေးအန္တရာယ်တခုအဖြစ်သာ ပယ်ချခဲ့ကြပါတယ်။

ဘဒ္ဒါဝတီလို့ အမည်ရတဲ့ အဲဒီဆင်မကြီးကို ၂၀၁၀ ပြည့်နှစ်က ရခိုင်ပြည်နယ်ကနေ နေပြည်တော်ကို အခမ်းအနားနဲ့ ပင့်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက အရင်စစ်အစိုးရလက်ထက် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ဖယ်ရှားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရ လက်ထက်မှာတော့ ဆင်ဖြူတော်တကောင်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စစ်ကောင်စီက ‘ဆင်ဖြူရှင်’ စစ်ဆင်ရေး ဆိုတဲ့ တန်ပြန်ထိုးစစ်တခုကို စတင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ညီနောင်သုံးဖွဲ့လို့ ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်ထဲ ကျရောက်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေအရ အရင်စစ်အစိုးရတွေလက်ထက်က စစ်ဆင်ရေးတွေမှာလည်း အခုလို နာမည်မျိုးတွေ သုံးခဲ့တယ်လို့ ဆိုပါတယ်။

“ဆင်ဖြူရှင်” စစ်ဆင်ရေးဟာ တိုးတက်မှုသိပ်မရှိဘူးလို့ သတင်းတွေက ဆိုနေပေမဲ့ သူ့ရဲ့နာမည်က ဘုရင်တပါးရဲ့ အုပ်စိုးမှုကို ရည်ညွှန်းနေတာ ဖြစ်ပါတယ်။ အဲဒီဘုရင်ဆိုတာက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ သူဟာ ဆင်ဖြူတော် ၁၀ ကောင်လောက် ပိုင်ဆိုင်ထားပြီး အငယ်ဆုံးတကောင်က အသက် ၃ နှစ်နီးပါး ရှိပြီလို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထိုင်းဘုရင်က မင်းအောင်လှိုင်ကို ထိုင်းနဲ့ မြန်မာကြားက ရင်းနှီးတဲ့ စစ်ဘက်ဆက်ဆံရေးသင်္ကေတအဖြစ် ‘ဆင်ဖြူတော်ဘွဲ့တံဆိပ်တော်’ ရဲ့ ပထမတန်းစား သူရဲကောင်းဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ သမိုင်းတလျှောက်မှာ မြန်မာဘုရင်တွေဟာ ‘ဆင်ဖြူတော်သခင်’ ဆိုတဲ့ ဘွဲ့ကို အသည်းအသန် ရှာဖွေခဲ့ကြပြီး ဘုရင်တပါးရဲ့ လက်အောက်မှာ ရှိတဲ့ ဆင်ဖြူတော်အရေအတွက်ကို သာလွန်မှုနဲ့ နိုင်ငံရဲ့စည်ပင်ဝပြောမှုရဲ့ သင်္ကေတအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ဆင်တွေဟာ နိုင်ငံခြားမိတ်ဖက်တွေနဲ့ ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ ရည်ရွယ်တဲ့ သံတမန်ရေးရာကိရိယာတွေအဖြစ်လည်း အသုံးတော်ခံခဲ့ရပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ စစ်ကောင်စီက ရုရှားနိုင်ငံရဲ့ မော်စကိုနိုင်ငံတော်ဆပ်ကပ်အဖွဲ့ကို ဆင် ၆ ကောင် (ဆင်မ ၅ ကောင်နဲ့ ဆင်ထီး ၁ ကောင်) လက်ဆောင်ပေးခဲ့ပါတယ်။ စစ်အစိုးရမတိုင်ခင် ၂၀၁၈ ခုနှစ် ဆောင်းရာသီမှာ MTE က ဆင် ၄ ကောင်ကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးက ဆပ်ပိုရိုမာရုယာမ တိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်ခဲ့ပြီး ၁ ကောင်ကိုတော့ သီရိလင်္ကာနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဆင်များနဲ့ ဆင်ဦးစီးများအား ဂရုစိုက်ခြင်း

ဆင်တွေဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်မှာပဲ ရှင်သန်ကြီးထွားကြတာကြောင့် သူတို့ကို ထိန်းကျောင်းသူတွေနဲ့ မှီခိုသူတွေဟာ သူတို့နဲ့အတူ မကြာခဏဆိုသလို ရွှေ့ပြောင်းနေထိုင်ကြပြီး တခါတရံမှာ တောနက်ကြီးထဲမှာ စခန်းချနေထိုင်ကြရပါတယ်။ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ဒီလို နေထိုင်ရတာက သူတို့အတွက်ကော ဆင်တွေအတွက်ပါ အန္တရာယ်တော်တော်များများနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့အခါ ဆင်တွေကို ထိန်းကျောင်းရတာက စိန်ခေါ်မှုတခုပါပဲ။ သေနတ်သံတွေ၊ ဒရုန်းသံတွေ ဒါမှမဟုတ် ရုတ်တရက် ပစ်ခတ်ကြတဲ့ အသံတွေက ဒီအကောင်ကြီးတွေကို အလွယ်တကူ လန့်ဖျပ်သွားစေနိုင်လို့ပါပဲ။

နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တော်လှန်ရေးတပ်သားတွေဟာ ‘ဦးစီး’လို့ မြန်မာလို ခေါ်ကြတဲ့ ဆင်ဦးစီးတွေနဲ့ သူတို့မိသားစုတွေကို လုံခြုံရေးအတွက် တောထဲကနေ ‘လွတ်မြောက်နယ်မြေ’ တွေဆီကို ပြောင်းရွှေ့ပေးခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ဆင်တွေအတွက် အစာရှာဖို့၊ မိတ်လိုက်ဖို့ တာဝန်ကို ပေးအပ်ထားပါတယ်။ NUG အရာရှိတယောက်ရဲ့ အဆိုအရ တော်လှန်ရေးအဖွဲ့ တဖွဲ့ချင်းစီက အခြေအနေကို ‘အနီးကပ်စောင့်ကြည့်နေပြီး CDM ဆင်တွေ’ ကို ကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ (CDM ဆိုတာကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ရည်ညွှန်းတာ ဖြစ်ပါတယ်။)

တောထဲကို လွတ်လပ်စွာ သွားလာခွင့်ရတဲ့အခါ ဆင်တွေဟာ အစာအတွက် လူတွေကို မလိုအပ်တော့ဘဲ အပိုကျန်းမာရေးဖြည့်စွက်စာတွေ ကျွေးမွေးဖို့လောက်သာ လိုအပ်ပါတယ်။ ဆင်ဦးစီးတွေက သူတို့ကို ကောင်းမွန်တဲ့ စားကျက်မြေဆီကို လမ်းညွှန်ပေးပြီး စခန်းကို ပုံမှန်ပြန်လာနိုင်အောင် သေချာလုပ်ပေးနိုင်ရင် ဆင်တွေအတွက် အကျိုးရှိပါတယ်’ လို့ အဆိုပါအရာရှိက ပြောပါတယ်။ ‘မြန်မာဦးစီးတွေနဲ့ ဆင်ဦးစီးတွေဟာ ဒီအခန်းကဏ္ဍကို ထိထိရောက်ရောက် ဆောင်ရွက်နေကြပါတယ်။”

အလုပ်လုပ်တဲ့ဆင်တွေနဲ့ သူတို့ရဲ့ ဆင်ဦးစီးတွေဟာ မြန်မာနိုင်ငံအထက်ပိုင်းက စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေးတိုင်းရဲ့ မြို့နယ်အချို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့က ဖြစ်ကြပါတယ်။

“ကျနော်တို့က ဆင်တွေရဲ့ ကျန်းမာရေးကို နှစ်ရက်၊ သုံးရက်တခါ စစ်ဆေးပါတယ်။ သူတို့ကို တောထဲ လွှတ်မလား၊ စခန်းကို ပြန်ခေါ်လာမလားဆိုတာက ရာသီဥတုအခြေအနေပေါ်မှာ အများကြီး မူတည်ပါတယ်။ စစ်ဆေးမှုတခုပြီးတိုင်းမှာ ကျန်းမာရေးပြဿနာတခုခုတွေ့ရင် လိုအပ်တဲ့ ကုသမှုတွေ လုပ်ပြီးမှ တောထဲ ပြန်လွှတ်ပါတယ်’ လို့ ဆင်ဦးစီး ကိုဇော်လွင်က ပြောပါတယ်။

ဒါပေမဲ့ ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံက ဆင်ဦးစီးတွေကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း သူတို့ဟာ ကျေးရွာတွေဆီကနေ အလှူခံခဲ့ရတယ်လို့ ကိုဇော်လွင်က ပြောပါတယ်။ သူတို့ မိသားစုတွေအတွက် ဆီ၊ ဆန်၊ ဆား၊ ငရုတ်သီး၊ ကြက်သွန်လို အခြေခံစားသောက်ကုန်တွေ အရေးတကြီး လိုအပ်နေပါတယ်။ “၂၀၂၃ ခုနှစ်ကတည်းက ဆင်ဦးစီးမိသားစုတွေအတွက် NUG ကနေ ဘာအကူအညီမှ ရောက်မလာတော့ဘူး”လို့ ကိုဇော်လွင်က ဆိုပါတယ်။

NUG ရဲ့ MONREC က အရာရှိ ကိုကောင်းမြတ်က ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ဝန်ကြီးဌာနအနေနဲ့ ဆင်တွေနဲ့ CDM မှာပါဝင်တဲ့ ဆင်ဦးစီးတွေကို အစားအသောက်၊ ဆေးဝါး၊ ဖြည့်စွက်စာ၊ ကကြိုးနဲ့ တခြားပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအထောက်အပံ့တွေကို ဆက်လက်ပေးနိုင်ဖို့ကတော့ ခက်ခဲနေပါတယ်။

NUG အရာရှိတယောက်က အလောင်းတော်ကဿပက CDM ဆင်တွေအတွက် ကာကွယ်ဆေးထိုးတာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် စခန်းတွေကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံအုပ်ချုပ်ရေးမှူးတွေနဲ့ CDM တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ဖွင့်လှစ်ပေးခဲ့တယ်လို့ အဆိုပါအရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိခဲ့တဲ့ ဆင်အကောင် ၁၃၈ ကောင်ကို အစပိုင်းမှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက PLA စခန်းတွေဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီထဲက အကောင် ၆၀ ကျော်ကို နောက်ပိုင်းမှာ PLA ကနေ ရှမ်းပြည်နယ်အနောက်မြောက်ပိုင်းမှာ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

ရှေ့ဆက်ရမယ့် စိန်ခေါ်မှုများ

တစိတ်တပိုင်း မွေးမြူထားတဲ့ ဆင်ဦးရေကို ထိန်းသိမ်းထားခြင်းဟာ မျိုးဆက်တည်တံ့ရေးအတွက် အကောင်းဆုံး ချဉ်းကပ်မှုဖြစ်တယ်လို့ ရှဲလ်က အကြံပြုပါတယ်။ သူ့ရဲ့ ‘Giants of the Monsoon Forest’ ဆိုတဲ့ စာအုပ်ထဲမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်က သစ်ထုတ်လုပ်ရေးဆင်တွေကို ညဘက်မှာ ပတ်ဝန်းကျင်က တောတွေထဲကို ဘယ်လို လွှတ်ပေးတယ်ဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီလို လွှတ်ပေးတာက သူတို့ အိပ်စက်ဖို့၊ အစာရှာဖို့နဲ့ တခြား မွေးမြူထားတဲ့ဆင်တွေ ဒါမှမဟုတ် ဖြတ်သန်းသွားလာနေတဲ့ တောဆင်အုပ်တွေထဲက ဆင်တွေနဲ့ မိတ်လိုက်ဖို့အတွက် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ တောဆင်တွေ လျော့နည်းသွားတာက မကောင်းဘူး” လို့ သူက ဆိုပါတယ်။ “ဒေသတခုမှာ ဆင်ကောင်ရေရဲ့ ထက်ဝက်က တောဆင်၊ ထက်ဝက်က အလုပ်လုပ်တဲ့ဆင် (ညဘက်မှာ တောထဲ လွှတ်ပေးတဲ့စနစ်နဲ့) ဖြစ်နေတာက အကောင်းဆုံးပဲ။ တောဆင်တွေက ကိုယ်ဝန်ဆောင်ခြင်းအားဖြင့် အလုပ်လုပ်တဲ့ ဆင်ဦးရေကို ဖြည့်တင်းပေးသလို အလုပ်လုပ်တဲ့ ဆင်တွေကလည်း ဒေသခံလူထုကို ဆင်တွေရဲ့ အလုံးစုံကောင်းကျိုးအတွက် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်စိတ်ရှိအောင် ထိန်းထားပေးတယ်”လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နိုင်ငံရဲ့ တောဆင်ကောင်ရေကို ထိန်းသိမ်းစောင့်ရှောက်မယ့် ကြိုးပမ်းမှုတွေကို ပိုပြီးရှုပ်ထွေးစေခဲ့ပါတယ်။ ၂၀ ရာစုအစပိုင်းမှာ မြန်မာနိုင်ငံမှာ တောဆင် အကောင်ရေ ၁၀,၀၀၀ ခန့်ရှိခဲ့တယ်လို့ သဘာဝနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနနဲ့ စမစ်ဆိုနီယန်တက္ကသိုလ်ရဲ့ လေ့လာမှုတခုအရ သိရပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ အဲဒီအရေအတွက်ဟာ ၆,၀၀၀ လောက်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ တောဆင်ဦးရေဟာ အတော်လေးနည်းပါးနေပြီး အများစုက ပဲခူးရိုးမ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ အနောက်တောင်ဘက်၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်ပိုင်းက ရခိုင်ရိုးမတောင်တန်းတွေမှာ အဓိကစုစည်းနေထိုင်ကြပါတယ်။

နှစ်တွေ ကြာလာတာနဲ့အမျှ အိန္ဒိယအရှေ့ပိုင်းနဲ့ မြန်မာနိုင်ငံကြားက ဆင်တွေရဲ့ ရှေးရိုးရာ ပြောင်းရွှေ့ကျက်စားရာ လမ်းကြောင်းတွေဟာ လူဦးရေ တိုးပွားလာမှုနဲ့ သဘာဝသယံဇာတတွေကို လုယက်ဖျက်ဆီးမှုတွေကြောင့် ပြတ်တောက်သွားခဲ့ပြီး အာရှတောဆင်ဦးရေကို ကျဆင်းစေခဲ့ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မှာ အိန္ဒိယအာဏာပိုင်တွေက အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်၊ ချန်းလန်ခရိုင်က နမ်ဒါဖာအမျိုးသားဥယျာဉ်နဲ့ ကျားထိန်းသိမ်းရေးနယ်မြေမှာရှိတဲ့ ရှေးရိုးရာ ပြောင်းရွှေ့ကျက်စားရာ လမ်းကြောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။ ဇန်နဝါရီလတုန်းကဆိုရင် ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥယျာဉ်ထဲက ကင်မရာထောင်ချောက်တစ်ခုမှာ နမ်ဒါဖာရဲ့ ကာသန်ဒေသက အရွယ်ရောက်ပြီးသား ဆင်ထီးတစ်ကောင်ရဲ့ ပုံရိပ်ကို ဖမ်းယူရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ တောဆင်တွေဟာ အဓိကအားဖြင့် ဆင်စွယ်နဲ့ အရေခွံအတွက် တရားမဝင် အမဲလိုက်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ တိရစ္ဆာန်အစိတ်အပိုင်းတွေကို မြန်မာနိုင်ငံရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံမှာ တရားမဝင် ရောင်းဝယ်ကြပါတယ်။ NUG ကိုယ်စားလှယ်ရဲ့အဆိုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆင်တွေရဲ့ နေထိုင်ကျက်စားရာ နေရာအတွင်းနဲ့ အနီးတဝိုက်မှာ ရှိနေတာကြောင့် တရားမဝင် အမဲလိုက်မှုဟာ အနည်းငယ်ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရဲ့ တခြားဒေသတွေမှာ တရားဥပဒေစိုးမိုးမှု ပြိုလဲသွားတာက မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တောရိုင်းတိရစ္ဆာန်အမျိုးမျိုးကို ခြိမ်းခြောက်နေတဲ့ တရားမဝင် ရောင်းဝယ်မှုကို တိုးပွားစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ်သစ်တောဌာန အပါအဝင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာ အင်ဒို-မြန်မာ နယ်စပ်တလျှောက်က စစ်ဆင်ရေးတွေမှာ ရှားပါးထူးခြားတဲ့ ငှက်တွေနဲ့ တိရစ္ဆာန်အများအပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။

“အိန္ဒိယမှာ တောရိုင်းတိရစ္ဆာန်တွေအတွက် ဝယ်လိုအားအကြီးအကျယ်ရှိနေပြီး COVID-19 ကပ်ရောဂါ မတိုင်ခင်ကတည်းက တဟုန်ထိုးတက်လာခဲ့တာ” လို့ အော့စ်ဝဲလ်က ပြောပါတယ်။ “ဆက်လက်ဖြစ်ပွားနေတဲ့ ပရမ်းပတာအခြေအနေနဲ့ ပဋိပက္ခတွေကြားမှာ တရားမဝင် ကုန်သွယ်မှုတွေဟာ ထိန်းချုပ်မှုမရှိဘဲ ဆက်ဖြစ်နေပါတယ်။ ရန်ကုန်က ဆိပ်ကမ်းတွေဟာ စိစစ်မှုနဲ့ တာဝန်ခံမှုအနည်းဆုံးနဲ့ လည်ပတ်နေပြီး ဒါက တောရိုင်းတိရစ္ဆာန်တွေ အပါအဝင် တရားမဝင် ကုန်ပစ္စည်းတွေကို တရုတ်နဲ့ အိန္ဒိယဆီကို မှောင်ခိုကူးသန်းရောင်းဝယ်နိုင်အောင် လမ်းဖွင့်ပေးနေသလိုပဲ။”

အရေးကြီးဆုံးကတော့၊ မြန်မာနိုင်ငံရဲ့ ဧရာမသတ္တဝါကြီးတွေအတွက် ပြည်တွင်းစစ် အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုတွေနဲ့ ပုံမှန်ဘဝနေထိုင်မှုတွေ ပြန်လည်စတင်နိုင်မှာ ဖြစ်ပါတယ်။ “ပြည်တွင်းစစ်က မြန်မာ့ဆင်တွေရဲ့ အနာဂတ်ကောင်းကျိုးကို ပိုပြီး မသေမချာဖြစ်စေခဲ့တယ်။ သူတို့ရဲ့ နေထိုင်ကျက်စားရာနေရာတွေက အန္တရာယ်ရှိနေပြီး သူတို့ကို ဂရုစိုက်ဖို့ အရင်းအမြစ်တွေကလည်း နည်းပါးလာတယ်”လို့ လင့်တနာက ဆိုပါတယ်။ 

“စစ်ပွဲက လူတိုင်းကို ထိခိုက်စေသလို ဆင်တွေကိုလည်း ခြွင်းချက်ပေးနေမှာမဟုတ်ပါဘူး။”

ကာရစ်ရှမား ဟက်စ်နတ်

Ref: The Diplomat

( The Diplomat မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် အာသံပြည်နယ်မှ ဝါရင့်သတင်းစာဆရာမ Karishma Hasnat ရေးသားထားသည့်  “Myanmar’s Elephants are Partners in Resistance and Relief” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024