
ဝိတ်တန်း ၈ တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုဟာ WBC ချန်ပီယံ ဘားရို့စ်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။
ပက်ကွီအိုဟာ ဝယ်လ်တာဝိတ်တန်းမှာ ကမ္ဘာ့အသက်အကြီးဆုံးကစားသမားအဖြစ် ထပ်ပြီး စံချိန်တင်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘားရို့စ်ကို အနိုင်ရအောင်မထိုးသတ်နိုင်ခဲ့ဘဲ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
အသက် ၄၆ နှစ်အရွယ်ပက်ကွီအိုနဲ့ အသက် ၃၀ အရွယ် ဘားရို့စ်တို့ပွဲမှာ ဒိုင် ၁ ဦးက ဘားရို့စ်ကို အနိုင်ပေးခဲ့ပြီး အခြား ဒိုင် ၂ ဦးက သရေပေးခဲ့တာဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် ဘားရို့စ်ဟာ သူ့ ကစားသမားဘဝ တလျှောက် ၂၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ အလဲထိုး ၁၈ ပွဲနဲ့ WBC ဝယ်တာဝတိတ်ချိန်ပီယံ ခါးပတ်ကို ဆက်ပြီးထိန်းထားနိုင်ခဲ့ပါတယ်။
“ဒီပွဲမှာ ကျနော်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ပြိုင်ဘက်က အရမ်းခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ပြီး ပွဲကောင်းတပွဲဖြစ်ခဲ့ပါတယ်” လို့ ပက်ကွီအိုက ပြောပါတယ်။
ပက်ကွီအိုဟာ ကစားသမားဘဝတလျှောက် ၆၂ ပွဲနိုင်၊ ၈ ပွဲသရေနဲ့ ၃ ပွဲရှုံးနိမ့်ထားကာ ၃၉ ပွဲ အလဲထိုးနိုင်ခဲ့သူဖြစ်ပါတယ်။
ပက်ကွီအိုဟာ WBC ပြိုင်ပွဲမှာ အသက်အကြီးဆုံး ချန်ပီယံအဖြစ် ၂၀၁၉ ခုနှစ်က စံချိန်တင်ခဲ့ဖူးသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပွဲအစပိုင်းမှာ ပက်ကွီအိုက အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့တာတွေ့ရပါတယ်။
အချက်အလက်တွေအရ ဘားရို့စ်ဟာ လက်သီးချက်ရေ ၁၂၀ အထိ ထိုးနိုင်ခဲ့ပြီး ပက်ကွီအိုက ၁၀၁ ချက် ထိုးနိုင်ခဲ့ကာ ဆက်ကနဲထိုးသတ်တာမှာ ၄၅ ချက် - အချက် ၂၀ နဲ့ အသာရခဲ့တာပါ။
ဒါပေမဲ့ ပက်ကွီအိုက အားပြင်းတဲ့ထိုးသတ်ချက် ၈၁ ချက်နဲ့ ဘားရို့စ်က ၇၅ ချက်ကို အသာရခဲ့ပါတယ်။
ပက်ကွီအိုဟာ ပြီးခဲ့တဲ့ပွဲ ၁၀ ပွဲမှာ ဒိုင် ၃ ဦးရဲ့ အမှတ်ပေးမှုမှာ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဘားရို့စ်က လက်ကျန် ၃ ပွဲမှာ အမှတ်အသာရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ရှုံးနိမ့်မဲ့အရေးကနေ ရှောင်လွှဲနိုင်ခဲ့တာပါ။
ဒီပွဲမှာ ပက်ကွီအိုရဲ့ သက်လုံကောင်းမွန်မှုနဲ့ ကြံ့ခိုင်မှုအားကောင်းမှုတို့ကို တွေ့မြင်ခဲ့ရပါတယ်။
“ပက်ကွီအိုရဲ့ သက်လုံကောင်းမှုက အံ့အားသင့်စရာပါ။ သူဟာ လက်ရှိအချိန်အထိ သန်မာနေပြီး ချိန်သားကိုက် ထိုးသတ်နိုင်မှုကလည်း ကောင်းပါတယ်။ လက်ရှိအချိန်အထိ သူဟာ ထိုးသတ်ရခက်ခဲတဲ့ လက်ဝှေ့သမားတယောက်ပါ” လို့ ဘားရို့စ်က ပြောကြားခဲ့ပါတယ်။
ပက်ကွီအိုနဲ့ နောက်တကြိမ် ထိုး သတ်မဲ့ဖို့လည်း အသင့်ရှိတယ်လို့ ဘားရို့စ်က ဆိုပါတယ်။
Source: Reuters