
မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေ ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ သတင်းကြောင့် ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာတွေက ထောင်နဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဇူလိုင် ၁၇ ရက်မှာ စစ်သင်္ဘောတွေဆန်တက်လာတဲ့သတင်းကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေက ပြည်သူတွေဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့တိုက်တွန်းထားလို့ ဇူလိုင် ၁၈ ရက်ကစပြီး ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်ရိုးဘေးကျေးရွာတွေက ပြည်သူထောင်နဲ့ချီပြီး တိမ်းရှောင်နေကြတာပါ။
ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်အုပ်စုမှာ တိုက်ခိုက်ရေးစစ်သင်္ဘော ၂ စီး နဲ့ ကမ်းထိုးစစ်သင်္ဘော ၂ စီးအပါအဝင် ကုန်တင်မော်တော် စုစုပေါင်း ၂၂ စီးပါဝင်တယ်လို့ သိရပါတယ်။
ထီးချိုင့်စစ်ရှောင်အမျိုးသားတယောက်က “လမ်းပန်းဆက်သွယ်ရေးက စလို့ပေါ့နော်၊ တော်တော်များများက ခက်ခဲပါတယ်။ ပြည်သူတွေလည်း ကြုံနေရတဲ့ဟာတွေ၊ ဒုတိယတခါ ထပ်ပြေးရ ပြန်တဲ့အခါကျတော့ ပိုဆိုးတာပေါ့၊ အခု သင်္ဘောတွေ တက်ခဲ့တယ်လို့ကြားတော့ ပထမတခါလည်း ဖြစ်ပြီးပြီဆိုတော့ နောက်တခါထပ်ပြီးအဆုံးအရှုံးမခံနိုင်တော့ ထွက်ပြေးရ တာပေါ့။ သင်္ဘောတွေတက်ခဲ့တယ်လို့ ကြားတာလေ”လို့ ပြောပါတယ်။
စစ်သင်္ဘောတွေပေါ်မှာ စစ်သားအင်အားရာနဲ့ချီပါဝင်လာပြီး လက်နက်နဲ့ရိက္ခာထောက်ပို့ ကုန်ပစ္စည်းတွေ သယ်ယူ လာတယ်လို့သိရပါတယ်။
အထက်ကို ဆန်တက်လာတဲ့အတွက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာ မြို့နယ်တွေကတဆင့် ကချင်ပြည်နယ်ဘက်အထိဦးတည်နေတာဖြစ်ပါတယ်။
ထီးချိုင့်မြို့ တဖက်ကမ်း မြတောင်အရပ်မှာ ပျူစောထီးတွေ အားကောင်းတာကြောင့် အဲဒီဘက်ကို လည်း ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်လာတာမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပါတယ်။
ထီးချိုင့်စစ်ရှောင်အမျိုးသမီးတယောက်က “ထီးချိုင့်၊ မြတောင် စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင်ပေါ့နော်၊ နီကယ်စက်ရုံ ပိတ်ထားတဲ့အတွက် နီကယ်ဝန်ထမ်းတွေလည်း အလုပ်အကိုင်မဲ့ ဖြစ်ပြီးတော့ ကျပန်းကြုံသလို လုပ်စားနေရတယ်။ ကျမတို့ ပြောချင်တာကတော့ တာဝန်ရှိသူတွေက တချက်လောက်ပေါ့နော် လာရောက်ပြီးတော့ပဲဖြစ်ဖြစ် ဖြစ်နိုင်တဲ့ဘက်ကပဲ ဖြစ်ဖြစ် အတတ်နိုင်ဆုံး လုပ်ကိုင်ပေးစေချင်ပါတယ်လို့ တောင်းဆိုချင်ပါတယ်ရှင်”လို့ ဖြစ်ပါတယ်။
ထီးချိုင့်မြို့နယ်မှာ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်အထိ မြို့ကို လက်မလွှတ်ဘဲ စစ်ကောင်စီက ထိန်းထားတာပါ။
ကာလရှည်တိုက်ပွဲဖြစ်နေခဲ့တာနဲ့ ဒေသကာကွယ်ရေးအစုအဖွဲ့တွေအကြားက ပြဿနာတွေ ကြောင့် ဒေသတွင်းပြည်သူတွေမှာ စားဝတ်နေရေးပိုခက်ခဲရတယ်လို့ ဆိုပါတယ်။
မန္တလေး-ဗန်းမော်ကားလမ်းဟာလည်း တိုက်ပွဲတွေကြောင့် ပိတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန်တက်တဲ့ အခြေအနေကို ပြည်သူတွေ ကြုံတွေ့နေရတာပါ။
ထီးချိုင့်စစ်ရှောင်အမျိုးသားတယောက်က “ဘယ်လိုခက်ခဲလဲဆိုတော့ အဓိကတော့ နေရေးထိုင်ရေး စားရေးသောက်ရေးအားလုံပေါ့ ခက်ခဲတာအမျိုးစုံပဲ။ စစ်ရှောင် ကြာလာတာနဲ့အမျှ ကျနော်တို့က ကိုယ့်အိမ်နဲ့ ကိုယ့်ရာနဲ့မနေရတာရယ် အပြင်လောက လုပ်စားရတာရယ် တော်တော်လေးလည်း ငြီးငွေ့လာတယ်။ ဘေးကြပ်နံကြပ်လည်း ဖြစ်တာပေါ့၊ အခုအချိန်မှာတော့ အမျိုးမျိုးက ကန့်သတ်ထားတဲ့နေရာတွေလည်း အများကြီးတွေ့ရတယ်" လို့ ပြောပါတယ်။
မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်ကို စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတွေ ဦးတည်တက်လာတဲ့ သတင်းထွက်လာပြီးနောက် ဗန်းမော်မြို့တွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေက စစ်ရေးလှုပ်ရှားမှုရှိလာတယ်လို့ ကချင်ရှေ့တန်းသတင်းတွေက ဖော်ပြပါတယ်။
ဇူလိုင် ၁၇ ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေ ပိတ်ဆို့ထားတဲ့ ဗန်းမော်မြို့ပေါ်က သိမ်တော်ကြီးဘုရားပတ်ဝန်းကျင်ကို စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
သုတချမ်းသာ