
မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ၁၀,၀၀၀ လောက် ဖန်တီးပေးနိုင်တဲ့ ပြည်ပရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၃၅ ခု ကို ခွင့်ပြုပေးခဲ့တယ်လို့ ဇူလိုင် ၁၇ ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အစည်းအဝေးမှာ စစ်ကောင်စီ ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။
စက်မှုကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ် ၉ ခု၊ စက်မှု၊ ဟိုတယ်ခရီးဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍတွေမှာ မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံမှု လုပ်ငန်းသစ် ၂၆ ခုကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဒီလုပ်ငန်းသစ်တွေရဲ့ ရင်းနှီးမြှပ်နှံမှုပမဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၆၅ သန်းနဲ့ ငွေကျပ် ၆၇၂၈၃၅ ဒသမ ၂၆၅ သန်းဖြစ်ပြီ အလုပ်အကိုင်အခွင့်အလမ်း ၁၀,၀၀၀ နီးပါး ဖန်းတီးပေးနိုင်မယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုရှိပြီး စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ရင်းနှီးမြှပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။
စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှပ်နှံထားတဲ့ကဏ္ဍတွေမှာ စွမ်းအင်ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှပ်နှံမှုရဲ့ ၂၈ ဒသမ ၃၃ ရာခိုင်နှုန်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှပ်နှံမှုရဲ့ ၂၄ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှပ်နှံမှုရဲ့ ၁၄ ဒသမ ၅၄ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံထားကြပါတယ်။
အခုလက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန်လအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်တဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၈ သန်းသာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ကာလတူမှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၃ ပုံ ၁ ပုံပဲ ရှိပါတယ်။