
ဇွန် ၁၂ ရက်က ပျက်ကျပြီး လူ အယောက် ၂၆၀ သေဆုံးစေခဲ့တဲ့ Air India လေကြောင်းလိုင်း ပျံသန်းမှု အမှတ်စဉ် ၁၇၁၊ ဘိုးအင်း 787 Dreamliner ခရီးသည်တင်လေယာဉ်နဲ့ ပတ်သက်တဲ့ ကနဦးအစီရင်ခံစာ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
၁။ အစီရင်ခံစာမှာ ဘာတွေပါသလဲ။
ပျံတက်ပြီး စက္ကန့်ပိုင်းအကြာမှာ Boeing 787 Dreamliner လေယာဉ်ရဲ့ လောင်စာဆီ ထိန်းချုပ်ခလုတ် ၂ ခုစလုံး ပိတ်လိုက်တဲ့ (cutoff) နေရာကို ရွေ့သွားခဲ့တယ်လို့ ဆိုပါတယ်။ အလွယ်ပြောရရင် ဆီခလုတ်တွေ ပိတ်လိုက်တယ်လို့ ဆိုရပါတယ်။ “ဦးခန်း အသံမှတ်တမ်းအရ၊ လေယာဉ်မှူးတယောက်က “ဘာဖြစ်လို့ ပိတ်ချလိုက်တာလဲ”လို့ မေးနေသံကြားရပြီး တခြားလေယာဉ်မှူးကလည်း သူ မပိတ်ပါဘူးလို့ ပြန်တုံ့ပြန်တယ်”လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လေယာဉ်မှူး ၂ ယောက်မှာ ဘယ်သူကမေးလို့ ဘယ်သူကဖြေသလဲ ဆိုတာတော့ မဖော်ပြထားပါဘူး။
Photo: ANI / REUTERS / SOCIAL MEDIA / AIRCRAFT ACCIDENT INVESTIGATION BUREAU
ဆီ ပိတ်ချဖို့အတွက် ထိန်းချုပ်ခုံ (flight deck) အလယ်ခေါင်တည့်တည့်မှာရှိတဲ့ ခလုတ် ၂ ခုကို နှိပ်ဖို့လိုပါတယ်။ ဒီခလုတ်တွေက လွယ်လွယ်ကူကူ ဖိမိရုံနဲ့ အလုပ်လုပ်တဲ့ ခလုတ်မျိုး မဟုတ်တဲ့အတွက် အားမသုံးဘဲ နှိပ်လို့မရသလို မတော်တဆ ပွတ်မိရုံနဲ့ သက်ရောက်တဲ့ ခလုတ်မျိုးတွေလည်း မဟုတ်ပါဘူး။
ဦးခန်းထဲက Air India အရာရှိ ၂ ယောက်ရဲ့ ပြောဆိုမှုမှတ်တမ်းတွေအရလည်း ယာဉ်မှူးတယောက်ယောက်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ တမင်လုပ်တယ်လို့ စွပ်စွဲဖို့လည်း မသင့်ပါဘူး။ မတော်တဆ မှားပိတ်မိဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။ လူသားအမှားဆိုတာ ရှိတတ်ပေမဲ့ ဘိုးအင်း ဂျမ်ဘိုဂျက်ကြီးတွေကို နှစ်ပေါင်းများစွာ မောင်းလာတဲ့ လေယာဉ်မှူးတွေအတွက် ခလုတ်အဖွင့်အပိတ် လုပ်တယ်ဆိုတာ ပျံသန်းမှုတိုင်းမှာ မှန်ကန်တဲ့ အခိုက်အတန့်မှာ လုပ်ရတဲ့လက်က အလိုအလျောက် အသားကျနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာ လေယာဉ်ပျံတက်ပြီးမှ ဆီခလုတ်က ပိတ်သွားတာဖြစ်သလို ဆင်းသက်ကိရိယာ (landing gear) လို့ခေါ်တဲ့ လေယာဉ်ဘီးတွေတောင် ပြန်မတင်ရသေးပါဘူး။ အဆင့်ဆင့် စနစ်တကျသွားရတာဖြစ်လို့ လက်က ယောင်မှားပြီးတော့ ဆီခလုတ်ကို သွားကိုင်စရာအကြောင်း ရှိမနေပါဘူး။
ပျံတက်တဲ့အချိန်မှာ တွဲဖက်လေယာဉ်မှူးက လေယာဉ်ကို မောင်းနှင်ခဲ့တာဖြစ်ပြီး လေယာာဉ်မှူးက ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။ စက္ကန့်ပိုင်းအကြာမှာ ဆီခလုတ်တွေဟာ ပိတ်ချ (cutoff) ကနေ ဖွင့် (run) ထားတဲ့နေရာကို ပြန်ရွေ့သွားပြီး အင်ဂျင်တွေ မီးပြန်ကူး (relighting) လုပ်ငန်းစဉ် စတင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပျက်ကျတဲ့အချိန်မှာ အင်ဂျင်တလုံးဟာ ပါဝါပြန်ရနေပြီး နောက်တလုံးကတော့ မီးပြန်ကူးပေမဲ့ ပါဝါပြန်မရသေးဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ပျက်ကျတဲ့နေရာမှာတော့ ဆီခလုတ် ၂ ခုစလုံး ဖွင့်လျက် (run) အနေအထားမှာ ရှိနေတာ တွေ့ရပါတယ်။
၂။ တခြား ဘာတွေတွေ့သလဲ။
လေဆိပ်ကရတဲ့ စီစီတီဗွီမှတ်တမ်းအရ ထွက်ခွာအပြီး ကနဦး ပျံတက်တက်ခြင်းမှာပဲ Ram Air Turbine (RAT) ပွင့်လာတာကို တွေ့ရပါတယ်။ RAT ဆိုတဲ့ အသေးစား လေရဟတ်ဟာ အရေးပေါ် အခြေအနေမှာ အရန်ဓာတ်အားရင်းမြစ်အဖြစ် လုပ်ဆောင်တာဖြစ်ပြီးတော့ ပုံမှန်အားဖြင့် လုံးဝ စွမ်းအင်ပြတ်တောက်သွားတဲ့အချိန်မှာမှ ပွင့်လာတာ ဖြစ်ပါတယ်။
Photo: ANI / REUTERS / SOCIAL MEDIA / AIRCRAFT ACCIDENT INVESTIGATION BUREAU
အိန္ဒိယစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၉ မိနစ် (ဂရင်းနစ်စံတော်ချိန် ၈ နာရီ ၉ မိနစ်) မှာ လေယာဉ်မှူးတယောက်က “မေဒေး” သုံးကြိမ်အော်ပြီး အကူအညီတောင်းပါတယ်။ ဒါပေမဲ့ လေကြောင်းထိန်းချုပ်အရာရှိဆီကို ဘာတုံ့ပြန်မှုမှ မရောက်ရှိခဲ့ဘူးလို့ ဆိုပါတယ်။ Thrust levers နှစ်ခုစလုံးဟာ aft လို့ခေါ်တဲ့ အလွတ်အနေအထားမှာ ရှိနေခဲ့တာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ EAFR [enhanced airborne flight recorder] အချက်အလက်တွေအရတော့ Thrust levers တွေဟာ မြေပြင်ကို ဝင်မတိုက်ခင်အထိ ရှေ့ကိုတွန်းထားတဲ့ အနေအထား (ပျံတက်ချိန် လီဗာတွန်းတင်) ထားတဲ့ အနေအထားမှာ ရှိနေခဲ့တယ်လို့ အတည်ပြုနိုင်ပါတယ်။
၃။ မပျံသန်းခင် ဘာတွေဖြစ်ခဲ့သလဲ။
လေယာဉ်မှူး ၂ ယောက်စလုံးဟာ ခရီးစဉ်မပျံသန်းမီ သင့်လျော်တဲ့ နားနေမှုကာလတခု ရခဲ့တယ်လို့ ဆိုပါတယ်။ မပျံသန်းမီ အသက်ရှူဆန်းစစ်ဆေးမှုလည်း လုပ်ခဲ့ပြီး မောင်းနှင်ဖို့ သင့်လျော်ကြောင်း တွေ့ရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ အန္တရာယ်ရှိ ကုန်စည်လည်း မပါသလို ရာသီဥတု ဆိုးရွားမှုလည်း မရှိပါဘူး။ လေယာဉ်ထဲ ဆီဖြည့်ပေးခဲ့တဲ့ ဆီဖြည့်ယာဉ်နဲ့ ဆီကန်တွေကို စစ်ဆေးခဲ့ရာမှာလည်း ကျေနပ်လောက်ဖွယ် ရှိတယ်လို့ တွေ့ရှိပါတယ်။ ပျံသန်းမှုလမ်းကြောင်းမှာ သိသာတဲ့ ငှက်အုပ်ပျံသန်းမှုမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။
၄။ ခလုတ်တွေမှာ ပြဿနာရှိနေသလား
ဘိုးအင်း 737 မိုဒယ် လေယာဉ်တွေမှာ မရွေ့အောင် ထိန်းချုပ်ပေးတဲ့ lock ဆောင်ရွက်ချက် ပြုတ် (disengage) နေတဲ့ လောင်စာဆီ ထိန်းချုပ်ခလုတ်တွေ တပ်ဆင်ထားတယ် ဆိုပြီးတော့ ၂၀၁၈ ဒီဇင်ဘာမှာ အမေရိကန်ပြည်ထောင်စု ပျံသန်းမှုကွပ်ကဲရေး (FAA) က ထုတ်ပြန်ခဲ့ကြောင်းလည်း အိန္ဒိယ အစီရင်ခံစာမှာ ကိုးကားပါတယ်။ အော်ပရေတာတွေဆီက အစီရင်ခံစာတွေကို အခြေခံပြီးတော့ ဘေးကင်းစွာ ပျံသန်းနိုင်စွမ်းရှိမှုဆိုင်ရာ သတင်းလွှာ (Special airworthiness information bulletin-SAIB) အနေနဲ့ အမေရိကန် FAA က ထုတ်ခဲ့တာဖြစ်ပါတယ်။
SAIB ဆိုတာက ဘေးမကင်းတဲ့ အခြေအနေလို့ မမှတ်ယူသလို ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမယ့် ဘေးကင်းစွာ ပျံသန်းနိုင်စွမ်းရှိမှုဆိုင်ရာ ညွှန်ကြားချက်လိုမျိုး မဟုတ်ပါ။
အခု အိန္ဒိယမှာ ပျက်ကျတဲ့ ဘိုးအင်း 787-8 လေယာဉ်မှာလည်း အလားတူ ခလုတ်ဒီဇိုင်းကို သုံးထားပါတယ်။
Air India က ပေးအပ်တဲ့ အချက်အလက်အရဆိုရင်တော့ SAIB ဟာ အကြံပြုတာပဲ ဖြစ်ပြီးတော့ မဖြစ်မနေ လုပ်ရမှာလို့ မဆိုလိုတဲ့အတွက် အဆိုပြုထားတဲ့ စစ်ဆေးမှုမျိုးတွေ မလုပ်ဆောင်ခဲ့ဘူးလို့ သိရပါတယ်။
ဘိုးအင်းကုမ္ပဏီရဲ့ တခြားလေယာဉ်မိုဒယ်တခုဖြစ်တဲ့ 737 Max ဟာ ပျက်ကျမှုနှစ်ခုနဲ့ ပျံသန်းစဉ် အသေပိတ်ထားတဲ့ ချပ်ပြားကြီး ပြုတ်ထွက်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ပျံသန်းခွင့် ယာယီရပ်နားထားပါတယ်။ လက်ရှိမှာ ဘိုးအင်းရဲ့ စက်ပိုင်းနဲ့ ဆော့ဖ်ဝဲပိုင်းကို ပညာရှင်တွေက အကြွင်းမဲ့ ယုံကြည်တာမျိုး မရှိတော့ပါဘူး။ ဒါပေမဲ့ အခု Air India ဖြစ်စဉ်မှာတော့ ဘိုးအင်း 787 လေယာဉ် ဒါမှမဟုတ် အင်ဂျင်နဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ အကြံပြုချက်မျိုး မရှိသေးပါဘူး။
၅။ အခုဘာဖြစ်နေသလဲ။
စုံစမ်းစစ်ဆေးမှုတွေတော့ ဆက်လုပ်နေပါတယ်။ အပျက်အစီး အစိတ်အပိုင်းတွေကို လေဆိပ်နားက ဘေးကင်းတဲ့နေရာကို ရွှေ့ထားပါတယ်။ အင်ဂျင်နှစ်လုံးစလုံး ထုတ်ယူပြီးဖြစ်သလို လေဆိပ်က လေယာဉ်ရုံမှာ ထိန်းသိမ်းထားပါတယ်။ ကနဦးသဲလွန်စတွေကို အခြေခံပြီးတော့ နောက်တိုး အသေးစိတ် အချက်အလက်တွေ စုဆောင်းနေတယ်လို့ ပြောပါတယ်။
အရန်ဓာတ်အားယူနစ် (APU) ရဲ့ Filter နဲ့ ဘယ်တောင်ပံ ဆီဖြည့်/ဆီထုတ် အဆို့ရှင်ကနေ အင်မတန်နည်းပါးတဲ့ လောင်စာနမူနာ ပမာဏ ရထားပြီးတော့ အဲဒီနမူနာတွေကို သင့်လျော်တဲ့ စခန်းမှာ စစ်ဆေးမယ်လို့ ဆိုပါတယ်။ enhanced airborne flight recorder က ဒေါင်းလုပ်ရယူထားတဲ့ အချက်အလက်တွေကိုလည်း စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Source: Reuters