Home
မြန်မာသတင်း
စစ်ကိုင်းငလျင်အပြီး ရက် ၁၀၀ ကျော်အထိ အိမ်ထောင်စု ၅ သိန်းခန့် ပြန်ထူထောင်ရေး ဝင်ငွေမရှိ  
DVB
·
July 14, 2025
Photo: WHO Myanmar/Yin Yin Mon

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ပြီးခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်လာပေမဲ့ ငလျင်ဒဏ်သင့် အိမ်ထောင်စုပေါင်း ၅ သိန်းလောက်ဟာ ပြန်လည်ထူထောင်ဖို့ ဝင်ငွေမရှိသေးတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက  ထုတ်တဲ့စာရင်းအရသိရပါတယ်။

‘ငလျင်အပြီး ရက်ပေါင်း ၁၀၀ အလွန် - မြန်မာ့ပြန်လည်ထူထောင်ရေး ပြီးမြောက်ဖို့ အလှမ်းဝေးနေ’ ဆိုတဲ့အစီရင်ခံစာမှာ ဖော်ပြထားဖြစ်ပြီး လူပေါင်း ၁၅ သိန်းကျော်ရဲ့ ကနဦး ပြန်လည်ထူထောင်ရေးဆိုင်ရာ တွေ့ရှိချက်အရ အိမ်ထောင်စု ၆၀ ရာခိုင်နှုန်းဟာ ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာလိုအပ်နေဆဲ ဖြစ်ပြီး၊ အိမ်ထောင်စု ၃ စုမှာ ၁ စုက ပြန်လည်ထူထောင်နိုင်ဖို့ ဝင်ငွေမရှိသေးတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်ရမှုနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ကြံ့ကြံ့ခံနိုင်စွမ်းဟာ အရင်ကတည်းက အားနည်းနေပြီးသားဖြစ်သလို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဦးဆောင်တဲ့ မိတ်ဖက်အဖွဲ့အစည်း ၂၆ ခုနဲ့ ငလျင်ဒဏ်သင့်ဒေသ ၇ ခုမှာ ပြန်လည်ထူထောင်ရေးလုပ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးတွေ၊ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတွေနဲ့ မသန်စွမ်းသူတွေအတွက်ကတော့ အခက်အခဲတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပြီး ငလျင်ကြီးက မိသားစုအမြောက်အမြားကို လမ်းဆုံးထိ ရောက်လုနီးပါး ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်း(IOM) က တွေ့ဆုံမေးမြန်းခဲ့တဲ့ ငလျင်ဒဏ်သင့်ပြည်သူ ဒေါ်သန်းသန်းဌေးက  “အကြိမ်ပေါင်းများစွာ ပြောင်းနေရတာမို့လို့ တနေရာတည်းမှာ နေထိုင်ရတာ ဘယ်လို ခံစားရတယ် ဆိုတာကို‌တောင်မှ မေ့နေပြီ” လို့ ပြောထားပါတယ်။

IOM က ပေးတဲ့ တာပေါ်လင်စကို သူက အခု အမိုးအဖြစ်သုံးနေပြီး “အဲဒါက အကာအကွယ်တခုလိုပါပဲ။ မိုးရေတွေနဲ့ ကြောက်ရွံ့မှုတွေကို တားဆီးပေးပါတယ်” လို့ ပြောပါတယ်။

ငလျင်က အဆောက်အဦတွေတင်မက လူတွေရဲ့ စားဝတ်နေရေးလုပ်ငန်းတွေနဲ့ ဘေးကင်းလုံခြုံမှုကိုပါ ဖျက်ဆီးခဲ့ပြီး လူတွေ အပြည့်အသိပ် ခိုလှုံနေတဲ့နေရာတွေမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း တိုးလာနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

WHO က တွေ့ဆုံခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် စေတနာ့ဝန်ထမ်း မပြည့်ပြည့်မွန်က “ပထမအပတ်က အခက်ဆုံးပါ၊ အထောက်အပံ့တွေ မရှိခဲ့ဘူး။ အခုတော့ အခြေအနေတွေ ပိုကောင်းလာပါပြီ။ လူတိုင်းအတွက် အစားအသောက်လုံလောက်ပေမဲ့ လူတွေ အလုပ်ပြန်မလုပ်နိုင်သေးတာကြောင့် ငွေကြေးအခက်အခဲတွေ ရှိနေဆဲပါ။ ဒီမှာလူတွေက တယောက်ကို တယောက် အများကြီး ကူညီကြတယ်၊ ဒီအထောက်အပံ့က အရေးကြီးပါတယ်” လို့ ပြောဆိုထားပါတယ်။

ကနဦးပြန်လည်ထူထောင်ရေး လိုအပ်ချက် အကဲဖြတ်မှုတွေအရ ငလျင်ကြောင့် လူပေါင်း ၁၁,၄၄၁ ယောက် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်နေရတာ၊ လူပေါင်း ၃၁၅,၁၆၈ ယောက် ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာ၊ လူပေါင်း ၈၈,၃၃၁ ယောက်ကို ထိခိုက်လွယ်သူတွေအဖြစ် တွေ့ရတာ၊ အဆောက်အအုံပေါင်း ၃၃,၃၉၆ ခု ပျက်စီးတာ၊ ကျေးရွာ ၁၁၄ ရွာက ရေပေးဝေရေးကွန်ရက်တွေ ပျက်စီးတာ စတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပေမဲ့ အားနည်းနေပြီး ငွေကြေး၊ ရန်ပုံငွေ မလုံလောက်ဘူးလို့လည်း ဆိုပါတယ်။

ရန်ပုံငွေ မလုံလောက်တာနဲ့ ဝင်ရောက်သွားလာခွင့်ဆိုင်ရာ စိန်ခေါ်တာတွေရှိပေမဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်တွေဟာ လူပေါင်း ၁ သန်းကို ကူညီထောက်ပံ့ခဲ့ပြီးဖြစ်သလို  ရေရှည်ပံ့ပိုးမှု မရရင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ရပ်တန့်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအားရစ်ချ်တာ စကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ခဲ့တာဖြစ်ပြီး   ဇွန် ၂၄ အထိ DVB က ပြုစုထားတဲ့ စာရင်းအရ  သေဆုံးသူပေါင်း  ၄,၅၂၀ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၃၆၆ ယောက်ရှိတယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013