
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ် (OWIC) ကို ပွဲစားနဲ့အပ်ပြီးမလုပ်ဖို့ စစ်ကောင်စီသြဇာခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပြည်ပထွက်မယ့် အလုပ်သမားတွေအနေနဲ့ OWIC ကတ်ကို ကိုယ်တိုင်မလျှောက်ဘဲ ပွဲစားကိုအပ်ကာ လုပ်ဆောင်နေတာကြောင့် ပွဲစားတွေက ဌာနကဝန်ထမ်းတွေကို ပေးရတဲ့သဘောနဲ့ အခကြေးငွေ အဆမတန် ကောက်ခံနေတာတွေ ရှိနေတယ်လို့ အဲဒီဌာနရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
OWIC ကတ်လုပ်ဖို့ တင်ပြလာသူတွေကို မှတ်ပုံတင်စနစ်နဲ့ အစဉ်လိုက် ခွင့်ပြုပေးနေတာဖြစ်ပြီး အလုပ်သမားတွေ အခက်အခဲမဖြစ်အောင် လူဦးရေတိုးပြီး ခွင့်ပြုပေးနေတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ စာရွက်စာတမ်းတွေကို ကိုယ်တိုင်သေချာစွာ ပြင်ဆင်တင်ပြမယ်ဆိုရင် ဘာကုန်ကျစရိတ်မှမရှိဘဲ အလွယ်တကူ ခွင့်ပြုမိန့်ရမှာဖြစ်လို့ ပွဲစားတွေကို ကြားခံဆောင်ရွက်တာ မလုပ်ဖို့ဆိုပြီး အသိပေးထားပါတယ်။
ဌာနရဲ့ထုတ်ပြန်ချက်မှာ ဝန်ထမ်းတွေက အခကြေးငွေရယူတာ မရှိဘူးလို့ ဆိုပေမဲ့ ပွဲစားတွေက ဝန်ထမ်းတချို့နဲ့ ချိတ်ဆက်ကာ ကတ်အမြန်ရဖို့ ပူးပေါင်းလုပ်ဆောင်နေတာလို့ အဲဒီလုပ်ငန်းစဥ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ပွဲစားက အကုန်ရတာမဟုတ်ဘူး။ ပြန်ခွဲပေးရသေးတာ။ ဝန်ထမ်းတွေက တိုက်ရိုက်တောင်းတာမျိုးတော့ ဘယ်ဟုတ်မလဲ။”
မိမိအစီအစဥ်နဲ့ ပြည်ပကိုသွားရောက်မယ့်သူတချို့နဲ့ ခွင့်ပြန်အလုပ်သမားတချို့က OWIC ကတ် အလွယ်တကူရဖို့အတွက် ပွဲစားကိုအပ် လုပ်ဆောင်တာတွေ ရှိနေပါတယ်။
အဲဒီကတ် အလွယ်ရဖို့အတွက် တယောက်ကို ၃ သိန်းကနေ ၅ သိန်းအထိ ပွဲစားခပေးရတာရှိသလို ပြည်ပကို ထွက်ခွင့်မရနိုင်တဲ့သူတွေကို ထိုင်းနိုင်ငံအရောက် ပို့စျေး တယောက်ကို ကျပ်သိန်း ၅၀ ထက်မနည်း ပေါက်နေတယ်လို့လည်း အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။