
ဒေါ်လာနဲ့ လောင်စာဆီဈေးတက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ဇူလိုင်လထဲမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံရောင်းချမယ်လို့ ဇူလိုင် ၈ ရက်က ကြေညာပါတယ်။
စက်သုံးဆီလုပ်ငန်းတွေအတွက် ဦးတည်ရောင်းချမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း စက်သုံးဆီကဏ္ဍအတွက် ဒေါ်လာ ၃၃ သန်း ထုတ်ရောင်းမယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ဗဟိုဘဏ်ဟာ တကျော့ပြန် မြင့်တက်လာတဲ့ ဒေါ်လာငွေလဲနှုန်းနဲ့ လောင်စာဆီဈေးတွေကို ထိန်းချုပ်ဖို့ နိုင်ငံခြားငွေ ထုတ်ရောင်းမှုတွေကို မကြာခဏ လုပ်ဆောင်လာတာတွေ့ရပြီး ဇွန်လအတွင်းမှာပဲ ဒေါ်လာ သန်း ၁၃၀ ကျော်ကို စက်သုံးဆီနဲ့ သွင်းကုန်လုပ်ငန်းတွေအတွက် ၅ ကြိမ်ခွဲ ရောင်းချခဲ့ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပို့ကုန်လုပ်ငန်းတွေက ရရှိတဲ့ နိုင်ငံခြားငွေတွေကို online trading ပလက်ဖောင်းက တဆင့် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် သွင်းကုန်လုပ်ငန်းတွေကို တဒေါ်လာ ငွေလဲနှုန်း ကျပ် ၃,၅၀၀ ဝန်းကျင်နဲ့ ရောင်းချပေးနေတာပါ။
လက်ရှိ ပြင်ပဈေးကွက်မှာတော့ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းဟာ မြန်မာကျပ် ၄,၄၈၀ ဝန်းကျင် ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်မှာ တဒေါ်လာဈေးက ၄,၆၀၀ ကျော်ရှိခဲ့ပြီး အခုအခါ ၄,၄၈၀ ဝန်းကျင်အထိ ကျဆင်းလာတာပါ။
ပြည်တွင်း လောင်စာဆီဈေးတွေ အနေနဲ့လည်း အခုတပတ်အတွင်း အနည်းငယ် ပြန်ကျလာပေမဲ့ တလီတာဈေးနှုန်းက ကျပ် ၃,၀၀၀ အထက်မှာပဲ ဆက်ရှိနေပါတယ်။
အငှားယဉ်မောင်းတယောက်က “ပြီးခဲ့တဲ့အပတ်တွေတုန်းက ဆက်တိုက် တက်ထားတာဆိုတော့ ဆီဈေးက ကျလာပေမဲ့ ဈေးက မြင့်နေတုန်းပါပဲ။ ဆီဈေးတက်တာကတော့ အကုန်ထိမှာပါ” လို့ ပြောပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုက သယ်ယူပို့ဆောင်ရေးနဲ့ လောင်စာဆီအပေါ် မှီခိုနေရတဲ့ လုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် မြင့်တက်စေမှာဖြစ်ပြီး ဒါက ကုန်စည်နဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေကိုပါ မြင့်တက်လာစေနိုင်ပါတယ်။