
ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပမယ့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ရဲ့ ဖိတ်ကြားချက်အရ အခုလိုသွားရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ခရီးမှာ ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေနဲ့ စစ်ဘက်အရပ်ဘက် အဆင့်မြင့်အရာရှိတွေ အတူလိုက်ပါမှာ ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကနေတဆင့် ရရှားနိုင်ငံ ဘူရားတီးရားပြည်နယ်ကို ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ခရီးစဉ်မှာ စစ်ခေါင်းဆောင်ဟာ ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကို တက်ရောက်တာ၊ ဘယ်လာရုစ်သမ္မတနဲ့ သီးခြားတွေ့ဆုံတာ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနဲ့ တွေ့ဆုံတာတွေအပြင် ဘယ်လာရုစ်က စက်ရုံ၊ အလုပ်ရုံတွေကို လေ့လာတာနဲ့ စီးပွားရေး၊ လုံခြုံရေး မဟာဗျူဟာမြောက် ပူးပေါင်းဖို့ ကိစ္စတွေလည်း ဆွေးနွေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းကလည်း ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားခဲ့သလို မေလတုန်းကလည်း ရုရှားနိုင်ငံ ရင်ပြင်နီချီတက်ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။
ဘယ်လာရုစ်နိုင်ငံဟာ အရှေ့ဥရောပဒေသတွင်း ကုန်းတွင်းပိတ် နိုင်ငံတနိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ ၁၉၉၁ ခုနှစ်မတိုင်ခင်အထိ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
နိုင်ငံခေါင်းဆောင် အာဏာရှင်အလက်ဇန်းဒါး လူကာရှန်ကိုဟာလည်း နိုင်ငံကို ၁၉၉၄ ခုနှစ်က တည်းက အုပ်ချုပ်နေတာဖြစ်ကာ ဒီနိုင်ငံကို ဥရောပရဲ့ “နောက်ဆုံးအာဏာရှင်နိုင်ငံ”လို့ သိကြသလို ဘယ်လာရုစ်အစိုးရဟာ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ၊ မီဒီယာတွေကို တင်းကျပ်တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။