မြန်မာနိုင်ငံ ‘ဝ’ ထိန်းချုပ်ဒေသက သတ္တုတူးဖော်မှုတွေကြောင့် မြစ်ရေအဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ရှိ ကော့မြစ် (နမ့်ခုတ်မြစ်) တံတားပေါ်တွင် ထိုင်းဒေသခံ ထောင်နဲ့ချီ စုဝေးပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ ဇွန် ၅ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ မြန်မာနယ်စပ်ဘက်မှာ လုပ်ကိုင်နေတဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ရပ်တန့်သွားအောင် ညှိနှိုင်းပေးဖို့ ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
ချင်းမိုင်၊ ချင်းရိုင်ဒေသတွင်းရှိ မြစ်တွေကို မှီတင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ မိုင်းတွင်းတွေကနေ စီဆင်းလာတဲ့ ညစ်ညမ်းရေတွေရဲ့ အန္တရာယ် ကိုရင်ဆိုင်နေရပြီး လွန်ခဲ့သောနှစ်အတွင်း ကော့မြစ်ရေဟာ နွေရာသီလို ရေကြည်လေ့ရှိတဲ့ အချိန်မှာတောင် မြစ်ရေ နောက်ကျိနေတာတွေ့ရတယ်လို့ ဟု မြစ်ကြောင်းများတွင်မှီတင်းနေထိုင်ကြသူများကွန်ယက်ရဲ့ ဇွန် ၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ ဇွန် ၁၇ ကနေ ၂၀ အထိ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ စစ်ကောင်စီနဲ့ အပြန်အလှန်တွေ့ဆုံ ဆွေးနွေးသွားဖို့ရှိနေပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်နဲ့ ချင်းရိုင် ခရိုင်တွေမှာရှိတဲ့ ကော့မြစ်နဲ့ မယ်ဆိုင်မြစ်ထဲကို ရှမ်းပြည်နယ်အရှေ့ပိုင်းက စီးဝင်လာတဲ့ အဆိပ်တွေအကြောင်း ဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။
ဇွန် ၅ ရက် ဆန္ဒပြပွဲမှာတော့ ထိုင်းဒေသခံတွေအပြင် ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။