
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဇွန် ၅ ရက် မနက် ၉ နာရီလောက်က ခရီးသည်တင်ကားတစီးကို ပစ်ခတ်လို့ ပြည်သူတယောက် သေဆုံးခဲ့ပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အပစ်ခံရတဲ့ ခရီးသည်တင်လိုင်းကားဟာ ကနီမြို့နယ် ပါဟဲရွာ၊ ခုံကြီးရွာ၊ ကင်းရွာ စတဲ့ ကျေးရွာတွေဘက်ကနေ ခရီးသည်တင် ပြေးဆွဲနေတဲ့ကား ဖြစ်ပါတယ်။
ဒေသခံရွာသားတယောက်က “အပစ်ခံရတဲ့ နေရာက ဘန့်ဘွေးရွာအနီး လေညှင်းတောင် မြောက်ဘက်အဆင်း မုံရွာ-ယာကြီး-ကလေးဝသွား ကားလမ်းမဘေးမှာ အပစ်ခံရတာဗျ။ အဲဒီပစ်တဲ့ နေရာမှာတင် အမျိုးသမီးကြီးတဦး ပွဲချင်းပြီးသေဆုံးတယ်။ နောက်ထပ် အမျိုးသမီး ၂ ဦးလည်း ကျည်ထိမှန်ပြီး ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာတွေ ရခဲ့တယ်ဗျ။ ယာဉ်မောင်း အမျိုးသားကတော့ ကားတံခါးကို ကျည်ဖောက်ဝင်လာပြီး ပေါင်ကိုထိတယ်။ ဗိုက်ပေါက်ထွက်ဒဏ်ရာရ အမျိုးသမီး ၂ ဦးကတော့ အသက်အန္တရာယ် အတော်စိုးရိမ်ရတယ်။ ဘာကြောင့်ပစ်ခတ်တာလဲတော့ မသိဘူးဗျ။ ကားကတော့ သူတို့ပစ်ခတ်တဲ့နေရာက ဘေးလွတ်ရာ နေရာလွတ်တဲ့အထိ မောင်းခဲ့နိုင်လို့ လွတ်လာခဲ့တယ်” လို့ ပြောပါတယ်။
ဘန့်ဘွေးပျူရွာက စစ်ကောင်စီတပ်ဟာ မုံရွာ-ယာကြီး-ကလေးဝလမ်းကနေ ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်ကားတွေ၊ ကုန်းကားတွေ၊ ဒေသတွင်း သွားလာနေတဲ့ ဆိုင်ကယ်တွေနဲ့ သုံးဘီးတွေကို နေ့စဉ်လိုလို ဖမ်းဆီး ငွေညှစ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ဒါ သက်သက်ပစ်ခတ်တာဗျ။ အခုပစ်ခံရတဲ့ကားက မုံရွာမြို့ကနေ ဈေးဝယ်ပြီး ပြန်လာတဲ့ကားဗျ။ သူတို့ စစ်တပ်ဂိတ် အများအပြားနဲ့ စစ်ဆေးခံပြီးမှ ထွက်လာတဲ့ကားဗျ။ ဘာအကြောင်းပြချက်နဲ့ အခုလိုပစ်တာလဲ။ ဒီစ(-) နဲ့ ပ(-)တွေက အထိန်းအကွပ်ကို မရှိတော့ဘူး” လို့ ပြောပါတယ်။
ဘန့်ဘွေးပျူရွာဟာ မုံရွာ-ယာကြီး-ကလေးဝသွား ကားလမ်းရဲ့ အနောက်ဘက်မှာ တည်ရှိပြီး အိမ်ခြေ ၃၀၀ နီးပါးခန့်ရှိကာ စစ်တပ် ထောက်ခံသူတွေသာ ရွာထဲမှာ နေထိုင်ကြကာ စစ်တပ် မထောက်ခံသူတွေကတော့ ယာခင်းတောတွေအတွင်း ပြောင်းရွှေ့နေထိုင်ကြသလို ငွေကြေးတတ်နိုင်သူတွေကတော့ မြို့ကြီးတွေဆီ ပြောင်းရွှေ့ နေထိုင်ကြပါတယ်။
ဘန့်ဘွေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးတွေကတော့ ထန်းဇင်ရွာ၊ နဘူးတောရွာ၊ ရေသောက်ကန်တောပြင်၊ မဲသောတောတိုက်က ပြည်သူ့နေအိမ်တွေကို မီးရှို့ကာ အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။