
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ချီစီရင်စုရှိ ရေကန်တခုထဲကို လေ့ကျင့်ရေး စစ်လေယာဉ်တစင်း ပျက်ကျသွားခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) က တပ်ဖွဲ့ဝင် ၂ ယောက်ကို မေ ၁၅ ရက်မှာ ဆက်လက်ရှာဖွေခဲ့ပါတယ်။
မေ ၁၄ ရက်က ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ လေတပ်မှ T4 လေ့ကျင့်ရေးလေယာဉ် ပျက်ကျသွားပြီး အမှုထမ်း ၂ ယောက် ပျောက်ဆုံးနေတာကို သိရှိထားကြောင်းနဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ဟာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့နဲ့အတူ လေယာဉ်ပျက်ကျရာ နေရာတဝိုက်မှာ ရှာဖွေရေးလုပ်ဆောင်နေတယ်လို့ ဂျပန် ကက်ဘိနက် အတွင်းရေးမှူး ယိုရှိမာဆာ ဟာယာရှိက ပြောပါတယ်။
လေယာဉ်အမှုထမ်းတွေကို ကယ်ဆယ်ပြီးတော့ လေယာဉ်ကို ရှာဖွေဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါလို့လည်း ပြောဆိုပါတယ်။
လေယာဉ်ပျက်ကျတဲ့ အနီးတဝိုက်က အခြေအနေနဲ့ ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်စုံစမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
တပ်ဖွဲ့ရဲ့ T4 လေ့ကျင့်ရေးဂျက်လေယာဉ်ဟာ အိုက်ချိ စီရင်စုရှိ ကိုမာကီ အခြေစိုက်စခန်းမှ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ ပျံတက်သွားခဲ့ပြီးနောက် ခဏအကြာမှာ ပေါက်ကွဲသံကြီးကို ကြားလိုက်ရကြောင်း သတင်းပေးပို့ချက်ကို ရဲတပ်ဖွဲ့က ရရှိခဲ့တယ်လို့ ဂျပန်ရုပ်သံလိုင်း Nippon TV ပြောကြားသွားပါတယ်။
T4 ပေါ်ရှိ SDF တပ်ဖွဲ့ဝင်တွေဟာ ပြုပြင်ထိန်းသိမ်းရေးလုပ်ခဲ့တဲ့ F15 တိုက်လေယာဉ်ပေါ်ကနေ ဆင်းသက်လာပြီးနောက် မီယာဇာကီစီရင်စုရှိ Nyutabaru အခြေစိုက်စခန်းကို ပြန်လည်ပျံသန်းလာခဲ့တာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး NTV က ဖော်ပြပါတယ်။
ပျက်ကျခဲ့တဲ့ T4 လေ့ကျင့်ရေးလေယာဉ်ကို လွန်ခဲ့တဲ့ ၃၆ နှစ်က မိတ်ဆက်ခဲ့တာဖြစ်ပြီး လေယာဉ်မှာ အသံဖမ်းစက် သို့မဟုတ် လေယာဉ်ပျံသန်းမှု မှတ်တမ်းစက် တပ်ဆင်ထားခြင်း မရှိဘူးလို့ NTV က ဆိုပါတယ်။
Source: Reuters