
ပထမဦးဆုံး ရှင်းလင်းဖို့လိုတာကတော့ ရန်သူဆိုတဲ့စကားလုံး ဖြစ်ပါတယ်။ လူ့အခွင့်အရေးသမားလိုလို၊ ငြိမ်းချမ်းရေးသမားလိုလို၊ ကြားနေဝါဒီလိုလို၊ စာအုပ်ကြီးသမားလိုလို ဆိုသူတွေက ‘ရန်သူ’ လို့ သုံးတာကို မကြိုက်ကြပါဘူး။ ဒီလိုသုံးလိုက်တဲ့အတွက် အစွန်းရောက်တာတွေ ဖြစ်လာမယ်။ လူ့အဖွဲ့အစည်းကြီးဟာလည်း ဘက်နှစ်ခြမ်းကွဲသွားပြီး ပဋိပက္ခတွေနဲ့ အတောမသတ် ဖြစ်လာမယ်။ ဒီလိုနဲ့ သွေးချောင်းစီးပွဲတွေ အလျှိုလျှို ပေါ်ပေါက်လာတော့မယ်။
နောက်ဆုံးတော့ တကယ့်ငြိမ်းချမ်းရေးဆိုတာ ဝေးသွားပြီး အကြမ်းဖက်မှုတွေနဲ့ သံသရာလည်နေတော့မယ်.. စသဖြင့် ရေးသားကြ၊ ထောက်ပြကြပါတယ်။ ဒီလို ဝေဖန် ထောက်ပြကြသူတွေထဲမှာ တချို့က တကယ့်စေတနာနဲ့ ပြောကြတာပါ။ တချို့ကတော့ ကိုယ်ကျိုးစီးပွားတွေအပေါ် အခြေခံပြီး ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ရပ်ကွက်တခုမှာ ခွေးရူးရှိတယ်။ အဲဒီခွေးရူးဟာ လူတွေကို အတင်းလိုက်ကိုက်နေတယ်။ သူ့ကြောင့် လူတွေသေရပြီဆိုရင် ဘာလုပ်ကြမလဲ။ တောက်....တောက်....တောက် ဆိုပြီး ခေါ်ကာ ခေါင်းလေးကို ပွတ်သပ်ပေးမှာလား။ အဲလိုလုပ်ပေးရင်ရော အဲဒီခွေးရူးက အလုပ်ခံမလား။
ဒါဆို သာမန်ခွေးတွေ ခြောက်သလို “ဟဲ့..ခွေး သွား” ဆိုပြီး မောင်းထုတ်မှာလား။
သွားရည်တမြားမြားနဲ့ အရူးရင့်နေတဲ့ခွေးက အဲလိုလုပ်တာ ခံပါ့မလား။ ငါ့ကို မောင်းထုတ်နေတာပါလား ဆိုတဲ့ သာမန်ခွေးအသိမျိုးတောင် အဲဒီခွေးမှာ ရှိပါဦးမလား။ ခွေးက ရိုးရိုးခွေးမဟုတ်ဘူး။ ခွေးရူး။
သူတို့ခွေးအချင်းချင်းတောင် မကဘူး။ လူတွေကိုပါ ဒုက္ခပေးနေတဲ့ခွေး။ ဒုက္ခဆိုတာကလည်း ခါတိုင်းလို စားစရာချီသွားတာတင် မဟုတ်ဘူး။ ကိုက်တာ။ ကိုက်တာတောင် ခါတိုင်းကိုက်တာမျိုးနဲ့ မတူဘူး။ ခါတိုင်းကိုက်တာကျ သွေးထွက်ရုံလောက်ပဲ။ အခုက အဲဒီခွေးရဲ့ သွားရည်တွေ ထိမိတာ၊ ကိုက်ခံရတာနဲ့ လူကရူးမှာ။ အချိန်မီကုသနိုင်မှပဲ အသက်ကယ်နိုင်မှာ။
အဲဒီလို လူ့အသက်အန္တရာယ်၊ လူ့အသိုင်းအဝိုင်းတခုလုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ခွေးကို ဘယ်သူက .. ဘယ်အသိတရားရှိပြီး တာဝန်သိတဲ့သူက ဒီအတိုင်း ကြည့်ထားမလဲ။ သတ်ပစ်ကြရမှာပဲ။ စိပ်ပုတီးကြီး လည်ပင်းမှာစွပ်ထားတဲ့ ရှင်ရသေ့လည်း ခွေးရူးကိုက်ရင် သေမှာပဲ။ ဒါကြောင့် ခွေးရူးကို အပြတ်ရှင်းရမှာပဲ။ ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာလည်း ဒီလိုပဲပေါ့။ ကလေးတွေကြည့်တဲ့ ပါဝါရိန်းဂျားကားတွေထဲမှာတောင် ရန်သူဆိုတာ ရှိသေးတာပဲ။
လူ့အဖွဲ့အစည်းတခုလုံးရဲ့ အသက်နဲ့ ဘဝကို ဘေးအန္တရာယ်ပြုလာတဲ့ ခြိမ်းခြောက် သတ်ဖြတ်လာတဲ့ အရာတွေကို ရန်သူလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုကို ရန်သူလို့ သုံးနှုန်းရခြင်း ဖြစ်ပါတယ်။ ဒါဟာ အစွန်းရောက်မှုမဟုတ်၊ လုပ်သင့်လုပ်ထိုက်တဲ့ လူသားတာဝန်ဖြစ်ပါတယ်။
နာဂစ်ဘေး
၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်း ဖြစ်ခဲ့ပါတယ်။ ၁ နာရီ ၁၃၃ မိုင်နှုန်းနဲ့ တိုက်ခတ်တဲ့ မုန်တိုင်းတခုပါ။ အဲဒီမုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်တိုင်းဒေသမှာ အဓိက သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဘိုကလေး၊ လပွတ္တာ၊ ဒေးဒရဲနဲ့ ရန်ကုန်မြို့နယ်တွေမှာ အကြီးအကျယ် ခံစားခဲ့ရတာပါ။ လူပေါင်း ၁၃၈,၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ၂ ဒသမ ၄ သန်းလောက်ဟာ နာဂစ်ဘေးဒဏ်ကို ခံစားခဲ့ရပြီး လယ်မြေတွေ အများစုဟာလည်း ဆားငန်ရေတွေ ဝင်သွားပါတယ်။ ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ရသလို ရေရှည် အစားအသောက် အငတ်ဘေးကြီး ကြုံကြိုက်ခဲ့ရပါတယ်။ အစားအသောက်၊ ဆေးဝါး၊ ရေသန့်၊ အမိုးအကာတွေ အများအပြား လိုအပ်ခဲ့ကြပါတယ်။
အဲဒီအဖြစ်အပျက်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ စစ်အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တာပါ။ စစ်အစိုးရဟာ အဲဒီတုန်းက ဘာတွေလုပ်ခဲ့ပါသလဲ။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး တပတ်အကြာ မေလ ၁၀ ရက်နေ့မှာပဲ ဖွဲ့စည်းပုံ အတည်ပြုနိုင်တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပါတယ်။ ဒီလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနေလို့ဆိုပြီး ရွှေ့ဆိုင်းတာ၊ နောက်ဆုတ်တာမျိုး မရှိပါဘူး။ ဆန္ဒခံယူပွဲကို အင်တိုက်အားတိုက် ကျင်းပပြုလုပ်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို အဓိကခံစားခဲ့ရတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့နယ်တွေမှာလည်း ၂ ပတ်ပဲ ရွှေ့ဆိုင်းပေးခဲ့ပါတယ်။ ၂ ပတ်ပြီးတာနဲ့ ဆန္ဒခံယူပွဲ အတင်းအကျပ် ပြုလုပ်ခဲ့ရာ သေဆုံးပြီးသားသူတွေတောင် မဲဆန္ဒပေးသူတွေထဲ ပါဝင်လာခဲ့ပါတယ်။ နိုင်ငံတကာ အကူအညီတွေကို လက်မခံခဲ့ပါဘူး။ ပြည်ဝင်ခွင့်ဗီဇာတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ အကူအညီတချို့ကို နောက်ပိုင်းမှာ အကန့်အသတ်နဲ့ ဖွင့်ပေးခဲ့ပေမဲ့ သူတို့ကပဲ လက်ဝါးကြီးအုပ်ခဲ့တာပါ။ ပြည်တွင်းက ပြည်သူအချင်းချင်း ကူညီကြတာတွေကိုလည်း သူတို့စစ်အုပ်စုကနေတဆင့် ကူညီမှသာ ခွင့်ပြုခဲ့ပါတယ်။
ကိုဗစ်ကာလ
နောက်ထပ် ၃ နှစ်အကြာ ၂၀၂၀ မှာလည်း သမိုင်းက တပတ်ပြန်လည်လာပြန်ပါပြီ။ ကမ္ဘာပေါ်မှာရော မြန်မာမှာပါ တခါမှ မကြုံဘူးသေးတဲ့ Covid-19 ရောဂါ ဖြစ်ပွားနေတဲ့အချိန်ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူတွေ သေလိုက်ကြတာ သိန်းဂဏန်း၊ သန်းဂဏန်း။ မြန်မာနိုင်ငံမှာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းချုပ်၊ စီမံနိုင်မှုကြောင့် အဲဒီ ပြင်းထန်တဲ့ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဒါ့ကြောင့် အသေအပျောက်က ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်ရင် အတော်လေးကို နည်းပါးပါတယ်။ တချို့နိုင်ငံတွေကတောင် ချီးကျူးရတဲ့အထိပါပဲ။ ဒါပေမဲ့ တခါမှ မကြုံဘူးသေးတော့ လူတွေ ကြောက်ကြရ၊ စိတ်ပူကြရတာပါပဲ။ ကျော်လွှားနိုင်ဖို့ အစိုးရနဲ့ ပြည်သူ ပူးပေါင်းရုန်းကန်နေကြရတာပါပဲ။ အဲဒီလိုအချိန်မျိုးမှာမှ ပြည်သူတရပ်လုံး ဒုက္ခပင်လယ်ဝေစေတဲ့ ဖြစ်ရပ်တခုက ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ စစ်အုပ်စုရဲ့ ၂၀၂၁ စစ်အာဏာသိမ်းခြင်းပဲ ဖြစ်ပါတယ်။ “သိမ်းမယ့်သိမ်း အမှိုက်သိမ်း” ဆိုသူတွေအားလုံး မျက်လုံးအပြူး၊ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါတယ်။
အာဏာသိမ်းပြီးနောက် ဇွန်လကနေ ဩဂုတ်လအထိ ကိုဗစ်ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အခြေနေတွေဟာ အကုန်လုံး ကပြောင်းကပြန် ဖြစ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ မရှိတော့ပါ။ ဆရာဝန်တွေ ကျန်းမာရေးလုပ်သားတွေ ဟာလည်း စစ်တပ်ရဲ့ ဖိနှိပ်မှု၊ အာဏာဖီဆန်မှုတွေကြောင့် ထွက်ပြေးပုန်းရှောင်နေရပါတယ်။ ဆေးရုံတွေမှာ ကျန်းမာရေးဝန်ဆောင်မှုစနစ်တွေ ကောင်းကောင်း မလည်ပတ်နိုင်တော့ပါဘူး။ Delta ပိုးကြောင့် ပြည်သူတွေ အတော်ကို ဒုက္ခရောက်ခဲ့ကြရပါတယ်။ အောက်စီဂျင် ပြတ်လပ်တယ်။ ဆေးဝါးတွေပြတ်လပ်၊ ဈေးအဆမတန် တက်ခဲ့ပါတယ်။
အဲဒီလိုအခြေနေမှာ တိုင်းပြည်ကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဘာတွေလုပ်ပေးခဲ့ပါသလဲ။
ပုဂ္ဂလိက အောက်စီဂျင်ရောင်းပေး၊ ထောက်ပံ့ပေးသူတွေကို ကန့်သတ်တာတွေ၊ တားဆီးတာတွေ လုပ်ခဲ့သလို ဆေးခန်းတွေ၊ ထောက်ပံ့ကူညီသူတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း သူတို့နဲ့ ပူးပေါင်းလုပ်သူတွေကတဆင့် ဖြန့်ချိခဲ့ကြပါတယ်။ အွန်လိုင်းပေါ်မှာလည်း သတင်းအမှန်ဖြန့်ဝေမှုတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ သူတို့ထိန်းချုပ်တဲ့ မီဒီယာတွေကနေတဆင့် အခြေအနေတွေ ထင်သလောက် မဆိုးရွားတဲ့အကြောင်း ဖော့ပြောခဲ့သလို အသေအပျောက်စာရင်းတွေကိုလည်း လျှော့ပြောခဲ့ကြတာပါ။
အဲဒီလိုအခြေနေမျိုးမှာ စစ်ကောင်စီဟာ CDM တွေ၊ ဆန္ဒပြသူတွေကို ဖြိုခွဲ ဖမ်းဆီးတာတွေ အဆက်မပြတ် လုပ်ခဲ့ကြပါတယ်။ လက်နက်ကိုင်တော်လှန်ရေး လုပ်နေသူတွေကိုလည်း စစ်ကြောင်းထိုးပြီး လေကြောင်းကတိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကလည်း မရပ်မနား ပါပဲ။
၂၀၂၃ က မိုခါမုန်တိုင်း၊ ၂၀၂၄ တုန်းက ရေကြီးမှုတွေမှာလည်း အလားတူ လုပ်ဆောင်ခဲ့ကြပါတယ်။ အခု ၂၀၂၅ ငလျင်ဘေးကြီးမှာလည်း ဘာမှမကွာပါဘူး။ ပူပူနွေးနွေး ဖြစ်ထားသလို အားလုံးလည်း သိပြီးသားမို့ အကျယ်တဝင့် မရေးတော့ပါဘူး။
၂၀၂၅ မှာ တော်လှန်ရေးအောင်ပွဲခံဖို့ လက်တွေ့အခြေအနေတွေအရ ဖြစ်နိုင်ခြေ ရှိလာပါတယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေဟာ ၉၀ ကျော်ရှိပါပြီ။ စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်စွမ်းက သိသိသာသာ လျော့ကျလာတာ အမှန်ပါ။ AA၊ KIA၊ CB၊ KNDF ဦးဆောင်တဲ့ ထိုးစစ်တွေဟာ ရှေ့ကိုရောက်လာသလို PDF တွေဟာလည်း အညာထိုးစစ်ကြီးအတွက် ပြင်ဆင်နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ငလျင်ဘေးကြီး ပေါ်လာခဲ့တာပါ။ တဖက်မှာလည်း စစ်ကောင်စီဟာ ဒီလို အခြေမလှတဲ့ စစ်ရေးကို ပြန်လည်မတ်တည်နိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ တရုတ်၊ ရုရှားအကူအညီ၊ ပေါ်တာဆွဲတဲ့နည်း၊ စသဖြင့် သူရပ်တည်နိုင်အောင် လုပ်ဆောင်နေပါတယ်။ အခုဆို ငလျင်ကြီးကနေတဆင့် ပြည်ပထောက်ပံ့ငွေတွေ ရနေပြီဖြစ်သလို ပစ္စည်းပစ္စယတွေလည်း ရယူနေတာပါ။ ဒါ့အပြင် တဖက်ကလည်း တော်လှန်ရေးအင်အားစုတွေဟာ ငလျင်ဘေးကို ထောက်ထားပြီး အပစ်ရပ်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ အဆိုပါအချက်တွေကို အခွင့်ကောင်းယူပြီး လေကြောင်းကဗုံးကြဲတာ၊ ထိုးစစ်ဆင်တာ၊ စစ်အင်အားဖြည့်တင်းတာတွေ တရစပ် လုပ်ဆောင်လာပါတယ်။ အဓိက ကတော့ ဆုံးရှုံးနယ်မြေတွေကို ပြန်လည်သိမ်းဖို့နဲ့ ရွေးကောက်ပွဲကို မရရအောင်လုပ်ဖို့ပဲ။
ရန်သူကို အထင်မသေးကြပါနဲ့။ ရန်သူဟာ မဟုတ်တာမှန်သမျှ အကုန်လုပ်ပါတယ်။ လုပ်တဲ့နေရာမှာလည်း အင်မတန်ခြေလှမ်းသွက်သလို ပြတ်လည်းပြတ်သားပါတယ်။ ဘာကိုမှ ငဲ့ညာထောက်ထားမှု မရှိခဲ့ဘူးဘဲ သူလိုချင်တာကို မရရအောင်ယူခဲ့တယ် ဆိုတဲ့အချက်ကို နာဂစ်၊ ကိုဗစ်တွေမှာ ထင်ထင်ရှားရှား တွေ့မြင်ပြီးသားပါ။ ဒါကြောင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်တိုက်ရာမှာ ရန်သူကို လျှော့မတွက်ကြဖို့ လိုပါတယ်။ လက်ဦးမှုယူဖို့ လိုပါတယ်။ ပြတ်သားဖို့လိုပါတယ်။ ပြည်သူကို ငဲ့ညာတယ်လို့လည်း မပြောပါနဲ့တော့။ ပြည်သူတွေဘဝက နာစရာလည်း မရှိတော့ပါဘူး။ ငရဲကျနေကြသူတွေမို့ စစ်အုပ်စုမရှိမှသာ ငရဲခန်းက လွတ်ကြမှာပါ။ ပြည်သူကို တကယ်ထည့်တွက်ငဲ့ကွက်ရင် လက်ဦးမှုရှိရှိ ပြတ်ပြတ်သားသားနဲ့ စစ်အနိုင်တိုက်ဖို့သာ ကြိုးစားပေးဖို့လိုကြောင်း။
တင်ဦး (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)