
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ဝင် AT တံတားပေါ်မှာ သိန္နီဘက်ကလာတဲ့ အိမ်စီးကားတွေကို စစ်တပ်က ပိုက်ဆံ အဆမတန်တောင်းနေလို့ ဒေသခံတွေ အခက်အခဲ ဖြစ်ကြရတယ်လို့ ပြောပါတယ်။
ဧပြီ ၂၁ ရက်က လားရှိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA) က စစ်တပ်ကို ပြန်လည်ပေးအပ်ခဲ့ပြီးနောက် သိန္နီကနေ လားရှိုးမြို့ကိုလာတဲ့ အိမ်စီးကားတွေကို တစီး ၃၀,၀၀၀ ကျပ်၊ လားရှိုး-သိန္နီသွားတဲ့ ကားကို တစီး ၅,၀၀၀ ကျပ် စစ်တပ်က ကားတိုင်းကို တောင်းနေတယ်လို့ ပြောပါတယ်။
“ဒီကောင်တွေက သူတို့လက်ထဲ ပြန်ရောက်တာနဲ့ လုပ်ချင်တာ လုပ်တော့တာပဲ။ အိမ်စီးကား သေးသေးလေးကအစ တစီး ၃၀,၀၀၀ ဆိုပြီး ကောက်နေတာ။ ဒါကို ပြည်သူတွေကို ဒုက္ခလိုက်ပေးနေတာလို့ပဲ မြင်တယ်။”
လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၈ လအကြာမှာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီက ရပ်ကွက် ၁ ကနေ ၁၂ ထိကို ပြန်လည်အုပ်ချုပ်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရော ကိုးကန့်တပ်ကပါ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။