
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် ပစ်ခတ်ခံရပြီး ၇ ယောက် သေဆုံးကာ တယောက်လွတ်မြောက်သွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။
ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာ၊ အမှတ် ၃၄၄ အမြောက်တပ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် ဧပြီ ၄ ရက်က ထွက်ပြေးခဲ့ပြီး လိုက်လံရှာဖွေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထွက်ပြေးတဲ့ တပ်ဖွဲ့ဝင်တွေ အချင်းချင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ရေကြည် အမြောက်တပ်နဲ့ နီးစပ်သူက “လိုက်ရှာတဲ့ တပ်သားတွေနဲ့ ထွက်ပြေးတဲ့တပ်ဖွဲ့ဝင်တွေနဲ့ မကျည်းတောရွာထိပ်မှာ ပစ်ခတ်တာတွေ ဖြစ်တာ။ ၂ ယောက်က တခါတည်း ပစ်သတ်ဖမ်းဆီးခဲ့တာ။ ၅ ယောက် အရှင်မိတာတော့ ပစ်သတ်ခဲ့တာကို သိရတယ်” လို့ ပြောပါတယ်။
အဲ့ဒီ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က အင်အား ၅၀ ကျော်နဲ့ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိလွတ်မြောက်သွားသူမှာ ဗိုလ်ကြီး အဆင့်ရှိသူ ဖြစ်ကာ ဧပြီ ၉ ရက်အထိ ပြန်လည်ဖမ်းမိတာမရှိသေးဘူးလို့ တပ်နဲ့နီးစပ်သူက ဆိုပါတယ်။
ရေကြည်မြို့နယ် မကျည်းတောကျေးရွာခံတယောက်က “ဒီဘက်တွေကို မကြာခဏ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလာတာ တွေ့ရတယ်။ ဒဏ်ရာရထားတဲ့သူတွေ၊ အင်္ကျီမပါ၊ အဝတ်ဗလာနဲ့ ပြေးလာကြတာတွေ့ရတာ။ သူတို့ပြေးလာပြီး နောက်မကြာဘူး ဟိုစစ်ကောင်စီတပ်က အရပ်သားတွေရဲ့ အိမ်တွေအထိ လိုက်ရှာတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ ထွက်ပြေးပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေထဲအထိ လိုက်ရှာပြီး ဆဲဆိုခြိမ်းခြောက် တာတွေပါ လုပ်နေတယ်လို့ဆိုပါတယ်။
အဲ့ဒီထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့လက်ထဲက သေနတ်ကျည်တွေ ကုန်သွား တဲ့အတွက် လွှင့်ပစ်ခဲ့ကြပြီးနောက် ထွက်ပြေးတာ မလွတ်ဘဲ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
EPN