
မြန်မာနိုင်ငံဟာ စိတ်ဓာတ်၊ ခံယူချက်၊ အတွေးအခေါ်၊ ကိုယ်ကျင့်သီလ၊ အပြောအဆို၊ အလုပ်အကိုင်၊ အကျင့်စရိုက်နဲ့ ဆင်ခြင်တုံတရား၊ စာနာခြင်းတရား စတဲ့အပိုင်းတွေမှာ ဘက်စုံယုတ်ညံ့တဲ့ စစ်ဘီလူးသဘက် မကောင်းဆိုးဝါး စစ်ဓားပြဂိုဏ်းရဲ့ ကုပ်ခွစီး အုပ်ချုပ်တာကို နှစ်ပေါင်း ၇၀ ကျော် ခံနေရတဲ့တိုင်းပြည် ဖြစ်ပါတယ်။
အဲဒီလို ဘက်စုံယုတ်ညံ့တဲ့ စစ်သတ္တဝါဆိုးတွေ ရာစုနှစ် သုံးပုံ လေးပုံနီးပါး တရားမဲ့ ဗိုလ်ကျအုပ်ချုပ်ခွင့်ရသွားတဲ့ မြန်မာနိုင်ငံဟာ ဘက်စုံအရည်အသွေး နိမ့်ကျ ကျန်ရစ်ခဲ့ရပါတယ်။ နိုင်ငံရေးမှာ အရည်အသွေးကျ၊ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးမှာ အရည်အသွေးကျ၊ အတွေးအခေါ် အသိတရားနဲ့ ကိုယ်ကျင့်တရားမှာ အရည်အသွေးကျ၊ စီးပွားရေးမှာ အရည်အသွေးကျ၊ အပေါ်ထပ် အဆောက်အုံတွေမှာ အရည်အသွေးကျ၊ ကျန်းမာရေးမှာ အရည်အသွေးကျ၊ ပညာရေးမှာ အရည်အသွေးကျ၊ အနုပညာဖန်တီးမှုမှာ အရည်အသွေးကျ၊ ထုတ်ကုန်မှာ အရည်အသွေးကျ၊ လမ်းပန်းဆက်သွယ်ရေးမှာ အရည်အသွေးကျ၊ မီဒီယာနဲ့ လူထုဆက်သွယ်ရေးမှာ အရည်အသွေးကျလို့ ကဏ္ဍစုံ ဘက်စုံမှာ အရည်အသွေး နိမ့်ကျခဲ့ရပါတယ်။
မကောင်းတဲ့ဘက်၊ ယုတ်မာတဲ့ဘက်မှာ ထူးချွန်လွန်းတာမို့ ဘက်စုံယုတ်ညံ့တဲ့ စစ်ဓားပြဂိုဏ်းကြောင့် ဘက်စုံအရည်အသွေးကျသွားခဲ့ရတာမို့ နိုင်ငံသူ နိုင်ငံသားတွေ ခါးစည်း ဒုက္ခခံရတာကို လတ်တလော ဖြစ်ပျက်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြီးကြောင့် ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးနဲ့ ကြုံတွေ့လာရတဲ့အခါ ကြေကွဲတုန်လှုပ်စရာ အလွန်ကောင်းလှပြီး အချိန်မီ ကယ်ဆယ်ရေးမလုပ်နိုင်တာမို့ မလိုအပ်ဘဲ ကြီးမားစွာ ပြည်သူတွေ အသက်ဆုံးရှုံးနေရတဲ့ အဖြစ်ဆိုးကြီးက သက်သေခံနေပါတယ်။
အခုလို နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးတွေ ဆိုက်လာပြီဆိုရင် စိတ်ဓာတ်ကောင်းမွန်ပြီး အရည်အသွေး ပြည့်မီတဲ့ အစိုးရကောင်းတရပ်ရှိဖို့ အလွန်အရေးကြီးပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြည်သူ့အစိုးရ အုပ်ချုပ်ခဲ့စဉ်က ကိုဗစ်ရောဂါကပ်ဆိုးကြီး ကြုံကြိုက်လာပေမဲ့ အစိုးရနဲ့ နိုင်ငံသားတွေ တက်ညီလက်ညီ လက်တွဲရင်ဆိုင်ခဲ့ကြတာမို့ အဆုံးအရှုံး နည်းပါးခဲ့တာ သမိုင်းမှာ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရလက်ထက်မှာ ကိုရိုနာဗိုင်းရပ်စ် (Coronavirus Disease) ရောဂါကပ်ဆိုးကြီး ဖြစ်ပွားခဲ့တုန်းက ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်နေ့မှာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်လို့ အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ဖို့နဲ့ ကယ်ဆယ်ရေး၊ ကာကွယ်ကုသရေး အစီအမံတွေကို အမြန်ဆုံး ဆောင်ရွက်ခဲ့ကြပါတယ်။
အခု သမ္မတရူး မင်းအောင်လှိုင်တို့ အာဏာလုထားတဲ့ ကာလအတွင်း ငလျင်ကပ်ဆိုးကြီး ဖြစ်ပွားလာတဲ့အခါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြည်သူ့အစိုးရရဲ့ ဆောင်ရွက်ခဲ့တာတွေနဲ့ ပြည်သူလူထုအပေါ် စေတနာလုံးလုံးမရှိတဲ့ စစ်ဓားပြဂိုဏ်းရဲ့ ငလျင်အရေးပေါ်အခြေအနေကို တုံ့ပြန်မှုလုပ်ရပ်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် နံ့သာဆီနဲ့ မစင်ပမာ ကွာခြားလှတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ သူတို့လုပ်ရပ် မထိရောက်တာ၊ အရည်အသွေး နိမ့်ကျတာတင် မကဘဲ စေတနာလည်း နိမ့်ကျတဲ့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာ အကူအညီတွေကို ပိတ်ပင်တာ၊ နှောင့်နှေးစေကာ တမင်တကာ ယုတ်မာခဲ့ကြပါတယ်။
အဆိုးဆုံးကတော့ သဘာဝဘေးဆိုးကြီး ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ ငလျင်ဘေးသင့်ရာ ဒေသတွေထဲက အားကိုးရာမဲ့ ပြည်သူတွေကို လူမဆန်စွာ လေကြောင်းက ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုတွေ ဆက်လုပ်ခဲ့ကြတာပါပဲ။ အများပြည်သူတွေဟာ နူရာဝဲစွဲ လဲရာသူခိုးထောင်းခံရတဲ့ အဖြစ်ဆိုးနဲ့ ကြုံနေကြရပါတယ်။ ကယ်ဆယ်ရေး အချိန်မီ မလုပ်တဲ့အပြင် လက်နက်တွေနဲ့ ထပ်မံသတ်ဖြတ်တာဟာ ဘယ်လိုမှ ခွင့်မလွှတ်ထိုက်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကြီးတွေ ကျူးလွန်နေကြတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အာဏာလုစစ်ဓားပြဂိုဏ်းဟာ မြန်မာနိုင်ငံသူနိုင်ငံသားတွေကို မျက်ရည်ကြီးငယ်ကျစေ၊ ဒုက္ခပင်လယ်ဝေစေတဲ့ မကောင်းဆိုးဝါးအုပ်စုပါပဲ။ ပြည်သူတွေအတွက်တော့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အစိုးရဟာ မိခင်ရင်းနဲ့တူပြီး အာဏာလု စစ်ဓားပြဂိုဏ်းဟာ သားလုတဲ့ ဘီလူးမနဲ့ အတူတူပါပဲ။
စစ်ကိုင်းပြတ်ရွေ့ငလျင်ကပ်ဘေးကြီးမှာ စစ်အာဏာလုဂိုဏ်းရဲ့ ဘက်စုံ ယုတ်ညံ့ပုံတွေကို အောက်ပါအတိုင်း သိရသလောက် စုစည်းရေးသားပေးလိုက်ပါတယ်။
၁။ တိုင်းပြည်တွေမှာ ကပ်ဘေးတွေ ကျရောက်တဲ့အခါ အစိုးရကောင်းတွေနဲ့ သူတို့စစ်တပ်တွေက ကယ်ဆယ်ရေးတွေ လုပ်ရတာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာတော့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူအင်အားလိုအပ်ချက် ရှိနေပေမဲ့ အာဏာလုစစ်တပ်ဟာ သူ့ရဲ့ လက်နက်ကိုင်တပ်အင်အားကို လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တာ မရှိပါဘူး။ စကစရဲ့ လူကယ်ပြန်ဝန်ကြီးဌာနဆိုတာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုံးဝ တာဝန်မယူနိုင်၊ မလုပ်နိုင်ဘဲ အောက်ပိုင်းသေနေတဲ့ အမည်ခံဝန်ကြီးဌာန ဖြစ်နေပါတော့တယ်။
၂။ ငလျင်ကယ်ဆယ်ရေး ထိရောက်ဖို့၊ သတင်းစီးဆင်းလွယ်ကူဖို့ ဆက်သွယ်ရေးလိုင်းတွေနဲ့ အများပြည်သူ သတင်းအချက်အလက် ရပိုင်ခွင့် ကန့်သတ်ထားတာကို ရုပ်သိမ်းဖယ်ရှားဖို့နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြည့်ပြည့်ဝဝ ပြန်ရရှိဖို့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ ၈၀ ကျော်က မတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပေမဲ့ ဆက်ပိတ်ထားတယ်။
၃။ စစ်ကိုင်းမှာ ငလျင်ဒဏ်ကြောင့် လူထိခိုက်သေဆုံးမှုများကာ ကယ်ဆယ်ရေးလုပ်ငန်းများ အရေးတကြီး လိုအပ်နေချိန်မှာ စစ်ကောင်စီက စစ်ရေး၊ လုံခြုံရေးအရလို့ ဆိုပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ည ၁၀ နာရီနောက်ပိုင်း ကယ်ဆယ်ရေးမလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။
၄။ ငလျင်ကြောင့် ထိခိုက်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း သင်္ဂြိုဟ်စက်က တပ်မ ၃၃ နားမှာဆိုတော့ စစ်ရေး လုံခြုံရေးအရဆိုပြီး လုံးဝသင်္ဂြိုဟ်ခွင့်မပေးတာမို့ မန္တလေးကို ဆင်းပြီး သင်္ဂြိုဟ်နေရတယ်လို့ သိရပါတယ်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံကာကွယ်စစ်မှလွဲပြီး ကျန်ထိုးစစ်အားလုံးကို မတ်လ ၃၀ ကနေ ဧပြီ ၁၂ အထိ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ ထို့အတူပဲ အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) စတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ခုခံကာကွယ်တဲ့ တုံ့ပြန်မှုမျိုးကလွဲပြီး စတင်ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဘဲ ဧပြီလ တလလုံး တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ဧပြီ ၁ ရက်နေ့က ကြေညာထားပါတယ်။ ဒါပေမဲ့ စစ်ဓားပြခေါင်းဆောင် ဘုရင်ရူး မင်းအောင်လှိုင်က ဧပြီ ၁ ရက်နေ့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ငလျင်ဘေးသင့်ဒေသတွေအတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို သိန်း ၂၀၀ စီထည့်ဖို့ ဖိအားပေး ခြိမ်းခြောက်ခိုင်းတဲ့ အလှူငွေ ပေးအပ်လှူဒါန်းပွဲမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုတော့ အားလုံးက ဖိအားဝိုင်းပေးကြတဲ့အခါ ဗုံးလည်းကြဲပြီးပြီဆိုတော့ အပစ်ရပ်ပါ့မယ်လို့ ဒီနေ့ကြေညာပါပြီ။ ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ၂၁ ရက်ကြာ ယာယီ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲထားမယ်လို့ ဘုရင်ရူးမင်းအောင်လှိုင်က ဧပြီ ၂ ရက် ညမှာ ထုတ်ပြန်ခဲ့ပါတယ်။
၆။ စစ်ဓားပြဂိုဏ်းရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် မုသားဇော်မင်းထွန်းက မတ်လ ၃၀ ရက်နေ့တုန်းကလည်း နေရာထိုင်ခင်း အဆင်မပြေနိုင်မှုကို အကြောင်းပြပြီး နိုင်ငံခြားသတင်းထောက်တွေကို ငလျင်သတင်းယူခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ စစ်အာဏာရှင်တွေဟာ လူသိန်းချီ သေဆုံးရတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခံရစဉ်တုန်းကနဲ့ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း ရေကြီးမှုမှာလည်း သဘာဝဘေး သတင်းမှတ်တမ်းယူသူများကို ဖမ်းဆီး ချုပ်နှောင်ခဲ့ကြတာပါပဲ။
၇။ မန္တလေးမှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး လူထောင်နဲ့ချီ သေဆုံးခဲ့သလို ကယ်ဆယ်ပေးဖို့ လိုအပ်နေတဲ့သူတွေလည်း အပျက်အစီးပုံကြား ဒီနေ့အထိ အများစု ကျန်ရှိနေသေးပေမဲ့ စစ်ဓားပြဂိုဏ်းကတော့ သင်္ကြန်မဏ္ဍပ်တွေကို ၆၆ လမ်းနဲ့ ၂၆ ဘီလမ်းပေါ် ဆက်လက် လုပ်ဆောင်နေပါတယ်။ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA အပါအဝင် လူမျိုးစု လက်နက်ကိုင်တပ်တွေကတော့ ငလျင်ဒဏ်သင့်ပြည်သူတွေကို စာနာတဲ့အနေနဲ့ လွတ်မြောက်နယ်မြေတွေမှာ သင်္ကြန်ပွဲအခမ်းအနားတွေ ပြုလုပ်တော့မှာမဟုတ်ကြောင်း ကြေညာထားပါတယ်။
၈။ ငလျင်ဘေးအတွက် နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေ၊ လှူဒါန်းတဲ့ ငွေကြေးတွေကိုလည်း ထုံးစံအတိုင်း ပွင့်လင်းမြင်သာမှုမရှိဘဲ တကယ်လိုအပ်တဲ့ ပြည်သူတွေအတွက် မသုံးဘဲ ပေါက္ခရဝဿမိုးလို ရွာချင်တဲ့နေရာ ကွက်ကြားရွာချသလို သူတို့လိုရာ သုံးစွဲနေကြပါတယ်။
၉။ စစ်ဓားပြဂိုဏ်းက မန္တလေးက ပုဂ္ဂလိကဆေးရုံများစွာကို CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ခန့်လို့ အကြောင်းပြ ပိတ်စေခဲ့တာဟာ အစိုးရဆေးရုံတွေ အခုလို ငလျင်ဘေးမှာ မနိုင်မနင်းဖြစ်ရင် ကူညီနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း တခါက မိန့်ကြားခဲ့ဖူးပါတယ်။
“အစိုးရကောင်းတရပ်ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ပြည်သူ့ဆီကနေပြီးတော့ ရယူဖို့ထက် ပေးဆပ်နိုင်ဖို့အတွက် အပြည့်အဝ တာဝန်ယူတဲ့ အုပ်ချုပ်သူတွေပဲ ဖြစ်တယ်လို့ ယုံကြည်တယ်။”
“အစိုးရဆိုတာ ဩဇာအာဏာနဲ့ အခွင့်အရေးကို ယူဖို့မဟုတ်ပါဘူး။ ပြည်သူတွေအတွက် အလုပ်လုပ်ဖို့ပါ” ပဲတဲ့။
ပြည်သူ့အာဏာလု ဘုရင်ရူး မင်းအောင်လှိုင်ကတော့ ပြည်သူတွေအတွက် အလုပ်မလုပ်ဘဲ စစ်အာဏာရှင်စနစ် ခိုင်မြဲဖို့ သူနဲ့ သူ့မိသားစု အာဏာတည်မြဲရေးအတွက် အလုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးသပ်ရရင် ဘက်စုံယုတ်ညံ့တဲ့ စစ်ဓားပြဂိုဏ်းကြောင့် ဘက်စုံ အရည်အသွေး ကျခဲ့ရတဲ့ တိုင်းပြည်မှာ အခုလို ကပ်ဘေးကြီးတွေ ကျရောက်လာတိုင်း ထိထိရောက်ရောက် မကယ်ဆယ်နိုင်၊ မကာကွယ်နိုင်ဘဲ အများပြည်သူတွေမှာ အထိအခိုက်၊ ဆုံးရှုံးမှု ကြီးမားကြရပါတယ်။ မြန်မာဟာ ငလျင်ကပ်ဘေးဒဏ်၊ လူလုပ်ကပ်ဘေးဒဏ် ပိုခံနေရပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံကို ကုပ်ခွအုပ်ချုပ်နေတဲ့ စကစ အမည်ခံအဖွဲ့ဟာ အစိုးရမဟုတ်ပါဘူး။ ဓားပြဂိုဏ်း တဂိုဏ်းသာပဲ ဖြစ်ပါတယ်။ အာဏာလုထားတဲ့ စစ်ဓားပြဂိုဏ်းက သူ့အလုပ်ဖြစ်တဲ့ ကယ်ဆယ်ရေးမလုပ်နိုင်၊ သူ တာဝန်မယူနိုင်တော့ ပရဟိတတွေ၊ ပြည်သူတွေက ကိုယ်ထူကိုယ်ထ တာဝန်ယူကြရ၊ နိုင်ငံတကာက အိမ်နီးချင်းတွေက ဝိုင်းတာဝန်ယူကြရတာ ဖြစ်ပါတယ်။
တိုင်းပြည်မှာ အုပ်ချုပ်ပုံစနစ်မှန်ပြီး အာဏာမလုခဲ့ရင်၊ ပြည်တွင်းစစ် မဖြစ်ခဲ့ရင်၊ တနိုင်ငံလုံး တက်ညီလက်ညီ လုပ်ဆောင်နိုင်ကြရင်၊ သတင်းစီးဆင်းလွယ်ကူဖို့ ဆက်သွယ်ရေးလိုင်းတွေနဲ့ အများပြည်သူ သတင်းအချက်အလက် ရပိုင်ခွင့် မကန့်သတ်ဘဲ အင်တာနက်မပိတ်ပင်ရင်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဒီထက် ပိုပြည်ဝင်ခွင့်ပေးပြီး အကူအညီလက်ခံခဲ့ရင်၊ မန္တလေးက ပုဂ္ဂလိကဆေးရုံတွေကို မပိတ်ခဲ့ရင် ပိုပြီး ပြည်သူ့အသက် ကာကွယ်နိုင်မှာ လူပေါင်းများစွာ ပိုကယ်တင်နိုင်မှာ ဖြစ်သလို မသေသင့်ဘဲ မသေရအောင်လည်း စောင့်ရှောက်နိုင်မှာ မလွဲဧကန် ဖြစ်ပါကြောင်း။