
အိန္ဒိယ အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) က ဝန်ထမ်းတွေဟာ ဧပြီ ၁ ရက်က မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်သင့် မန္တလေးမြို့မှာ ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ကူညီကယ်ဆယ်ပေးနေပါတယ်။
ဧပြီ ၁ ရက်နေ့မှာ NDRF ဟာ ကွန်ကရစ်ဖြတ်စက်၊ တူတွေ၊ ကွန်ကရစ်ဖောက်စက်တွေ အသုံးပြုပြီး မန္တလေးမြို့ အဆောက်အအုံတွေအောက်မှာ ပိနေတဲ့သူ ၉ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
NDRF အဖွဲ့ဟာ ဦးလှသိန်းဗိမာန်က ၅ ယောက်နဲ့ တခြားနေရာတွေက ၄ ယောက် ထုတ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေနဲ့ အာဏာပိုင်တွေ ပြောဆိုချက်အရ ဦးလှသိန်းဗိမာန်မှာ သံဃာတော် အပါး ၁၇၀ နီးပါး ကျောင်းပြိုကျချိန် ပါခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အဖွဲ့ဝင် ၈၀ ပါ NDRF အဖွဲ့ဟာ နေရာ ၁၃ ခုမှာ ခွဲပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ NDRF အဖွဲ့ကို ၂၀၁၅ ခုနှစ် နီပေါငလျင်တုန်းက တကြိမ် ပြည်ပကို အကူအညီ စေလွှတ်ခဲ့ဖူးပြီး ၂၀၂၃ တူရကီငလျင်တုန်းကလည်း ကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့ စေလွှတ်ခဲ့ပါသေးတယ်။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ၁၅ တန်ရှိ အသုံးအဆောင်ပစ္စည်းတွေ ရန်ကုန်ကို ပေးပို့ လှူဒါန်းခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက ငလျင်လှုပ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်းနဲ့ အကူအညီတွေ ပေးဖို့ အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
တရုတ်ရုပ်မြင်သံကြားမှ ဖော်ပြချက်အရ အင်္ဂါနေ့အထိ သေဆုံးသူ ၂,၇၁၉ ယောက်အထိရှိပြီး ဒဏ်ရာရသူ ၄,၅၀၀ ကျော် ရှိခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကိုးကား ဖော်ပြပါတယ်။
မတ် ၃၁ ရက် တနင်္လာနေ့ကစပြီး တပတ်ကြာ ဝမ်းနည်းခြင်းကာလကို အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့ပါတယ်။
မတ် ၂၈ ရက် နေ့လယ်ပိုင်းလောက်မှာ ပြင်းအား ၇ ဒသမ ၇ ငလျင်က မြန်မာနိုင်ငံကို ရာစုနှစ်တခုကျော်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့ပြီး ရှေးဟောင်း စေတီတော်တွေနဲ့ နေအိမ်အဆောက်အအုံတွေ အများအပြားပြိုကျပျက်စီးခဲ့ပါတယ်။
Source : Reuters