
ယီမင်နိုင်ငံထဲက အသက် ၅ နှစ်အောက် ကလေးငယ် ထက်ဝက် အာဟာရချို့တဲ့နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မတ် ၂၅ ရက်မှာ ပြောပါတယ်။
နိုင်ငံရဲ့ လူငယ်လူဦးရေအတွက် ဆယ်စုနှစ်တခုကြာ ပဋိပက္ခတွေ ဘယ်လိုဆိုးရွားခဲ့တယ် ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
ယီမင်ရဲ့ ဆယ်စုနှစ်တခုကြာ ပဋိပက္ခဟာ နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေခဲ့ပြီး လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေါ်မှာ မှီခိုနေရတယ်လို့ ယီမင်နိုင်ငံဆိုင်ရာ UNICEF ကိုယ်စားလှယ် ပီတာ ဟော့ကင်းစ်က ယီမင်နိုင်ငံမြို့တော် ဆာနာကနေ ဗီဒီယိုလင့်ခ်ကတဆင့် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မိခင်တွေနဲ့ မိခင်ဖြစ်လာမယ့် အမျိုးသမီးတွေဟာ အလားတူစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ယီမင်နိုင်ငံမှာ ကလေးအာဟာရ ချို့တဲ့မှုနှုန်း သိသိသာသာ မြင့်နေတယ်လို့ သူက သတိပေးခဲ့ပါတယ်။
ဒီနေ့ခေတ် ယီမင်မှာ အသက် ၅ နှစ်အောက် ကလေး ၂ ယောက်မှာ တယောက်က အာဟာရချို့တဲ့နေပါတယ်၊ ဒါဟာ ကမ္ဘာတဝန်းမှာ ပြိုင်ဘက်ကင်းလုနီးပါး ကိန်းဂဏန်းတခုပါလို့လည်း သူက ဆက်ပြောပါတယ်။
အပြင်းအထန် အာဟာရချို့တဲ့နေတဲ့ မိန်းကလေးနဲ့ ယောက်ျားလေးပေါင်း ၅၄၀,၀၀၀ ကျော်ရှိပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁ ဒသမ ၄ သန်း ရှိတယ်လို့ ဟော့ခ်ကင်းစ်က ပြောပါတယ်။
အပြင်းအထန် အာဟာရချို့တဲ့မှုနှုန်း ၃၃ ရာခိုင်နှုန်းကို နိုင်ငံအနောက်ဘက် အပါအဝင် တချို့နေရာတွေမှာ မှတ်တမ်းတင်ထားတယ်လို့ ဟော့ခ်ကင်းစ်က ဆက်ပြောပါတယ်။
ဟူသီသူပုန်တွေဟာ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်မှာ မြို့တော် ဆာနာကို သိမ်းပိုက်ပြီးတဲ့နောက် နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
Source : Reuters