
နျူကလီးယားဓာတ်အားပေးစက်ရုံ နေပြည်တော်အနီးမှာ တည်ဆောက်မယ်လို့ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း (Rosatom) ရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် အလက်စီလီခါချော့ဖ်က ရုရှားသမ္မတ ပူတင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအပြီး ရုရှားသတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
၅၅ မဂ္ဂါဝပ် ထွက်ရှိမယ့် RITM-200 အမျိုးအစား အသေးစား နျူကလီးယားဓာတ်ပေါင်းဖို ၂ လုံး တည်ဆောက်မှာဖြစ်ပြီး စုစုပေါင်း ၁၁၀ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ကာ ၃၃၀ မဂ္ဂါဝပ်အထိပါ နောက်ပိုင်း တိုးချဲ့ တည်ဆောက်သွားနိုင်မယ်လို့ သတင်းထုတ်ပြန်ချက်တွေကနေ သိရပါတယ်။
ဒါ့အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား နေရာဒေသအကွာအဝေးကို စိုးရိမ်မှုမရှိကြောင်း၊ Rosatom ကုမ္ပဏီ ကိုယ်တိုင်ကလည်း ထောက်ပံ့ပို့ဆောင်ရေး (logistics) ကုမ္ပဏီဖြစ်ကြောင်း၊ ဘိုလီးဗီးယား၊ အာဖရိကနဲ့ ရုရှားအရှေ့ဖျားဒေသတွေမှာလည်း တည်ဆောက်ထားတဲ့ သာဓကတွေ ရှိကြောင်းလည်း အလက်စီလီခါချော့ဖ်က ဆိုပါတယ်။
လူငယ်တွေဟာ ရုရှားရဲ့ နျူကလီးယားစီမံကိန်းတွေမှာ ပိုမိုပါဝင်လာပြီး Rosatom နဲ့ ချိတ်ဆက်ထားတဲ့ ရုရှားတက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတယ်၊ နျူကလီးယားစွမ်းအင် မထုတ်ယူနိုင်သေးတဲ့ နိုင်ငံတွေမှာတောင် နျူကလီးယားပညာရှင်တွေ ရှိနေပြီဖြစ်တယ်၊ ဥပမာအားဖြင့် မြန်မာလူငယ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နျူကလီးယားစီမံကိန်းမှာ အလုပ်လုပ်နေကြသလို ဘင်္ဂလားဒေရှ့်လူငယ်တွေဟာလည်း တူရကီက စီမံကိန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြောင်း အရှေ့ဖျားစီပွားရေးဖိုရမ်တခုမှာ အလက်စီလီခါချော့ဖ်က ပြောဆိုဖူးပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ တကျော့ပြန် နျူကလီးယားအိပ်မက်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင် ရုရှားကို ဒုတိယအကြိမ် သွားရောက်တဲ့ ခရီးစဉ်မှာ ပြန်လည်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်မှာ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး ကဏ္ဍစုံမှာ ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို Rosatom နဲ့ ဆွေးနွေးပြီး နားလည်မှုစာချွန်လွှာတစောင်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီနောက် စစ်ကောင်စီနဲ့ ရုရှားတို့ နျူကလီးယားစွမ်းအင် အသုံးပြုနိုင်ရေးအတွက် အကြိမ်ရေ ဒါဇင်နဲ့ချီ တွေ့ဆုံခဲ့ကြပြီး အခုနောက်ဆုံးမှာ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစာချုပ် ချုပ်ဆိုနိုင်လာတာပါ။
စစ်ကောင်စီရဲ့ “အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး” ဆိုတဲ့ တဖက်လှည့် လှိမ့်လုံးတွေနဲ့ သတင်းထုတ်ပြန်ချက်တွေဟာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ခြေလှမ်းတွေ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်မှာ Rosatom ကုမ္ပဏီက ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်လာပြီး ပေါင်းလောင်းဆည်အနီးက ဇီးရိုင်းကျေးရွာ (19.71788025, 96.31906891)၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ (19.77639463, 96.34534818)၊ ပေါင်းလောင်းရေလှောင်တမံအနီးက မြေနေရာတွေမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ကျောက်သားလေ့လာတာ၊ ရေရရှိနိုင်မှုနဲ့ ငလျင်ကြော၊ သယ်ယူပို့ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင် အခြေအနေတွေ လေ့လာခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရေးဆိုတဲ့ စကားလုံးတွေဟာ စစ်အာဏာရှင်တွေနဲ့ စစ်ယူနီဖောင်းလဲတဲ့ အစိုးရလက်ထက်မှာ ပေါ်ပေါ်လာတတ်ပြီး အရင်က မြောက်ကိုရီးယားနဲ့ နျူကလီးယားလက်နက် ရရှိရေး ကြိုးပမ်းမှု အရိပ်မည်းတွေလည်း ရှိခဲ့တာကြောင့် ဒေသတွင်းအတွက်သာမက ကမ္ဘာကြီးတခုလုံးအတွက်ပါ အန္တရာယ်ရှိတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။