Home
မြန်မာသတင်း
ချင်းကောင်စီ ၂ ခု ပူးပေါင်းရန် သဘောတူ
DVB
·
February 27, 2025

ချင်းပြည်မှာ ကောင်စီနှစ်ရပ်ရှိနေတာဟာ မဖြစ်သင့်တာကို လက်ခံယုံကြည်ကြတာကြောင့် တခုတည်းသောကောင်စီအဖြစ် ပူးပေါင်းဖို့ ချင်းပြည်(Chinland)ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ သဘောတူလိုက်ကြပါတယ်။

ကောင်စီသစ်တရပ်အဖြစ် ပေါင်းစည်းဖို့သဘောတူညီခဲ့ကြပြီး ချင်းအမျိုးသားကောင်စီ လို့ ခေါ်ဖို့ သဘောတူညီကြတယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကောင်စီ ၂ ခုလုံးက ထုတ်ပြန်လာတာဖြစ်ပါတယ်။

ချင်းပြည်အတွင်းက ချင်းပြည်သူတွေအတွက် ကောင်စီနှစ်ရပ် ရှိနေတာကို မဖြစ်သင့်ကြောင်း နှစ်ဖက် လက်ခံယုံကြည်ကြတာနဲ့အညီ ပူးပေါင်းကြဖို့နဲ့ ချင်းအမျိုးသားကောင်စီ အမြန်ဆုံး ပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။

ICNCC ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဘွေအုပ်က “အခု ချင်းမှာရှိတဲ့ ကောင်စီ ၂ ခုစလုံးက လက်ခံနိုင်တဲ့ ကောင်စီအသစ်တခု ပေါ်ပေါက်လာရေးနဲ့ ကောင်စီဖြစ်ပေါ်လာဖို့လိုအပ်တဲ့ ဖွဲ့စည်းပုံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ တရပ်ဖွဲ့ဖို့ရယ်၊ အမည်နာမအားဖြင့် အသစ်ဖြစ်လာမယ့်ကောင်စီကို ချင်းအမျိုးသားကောင်စီ လို့ သုံးနှုန်းမယ်ဆိုတာရယ်ပဲ သဘောတူညီချက်ရှိသေးတာပါ။ တပ်ပိုင်းဆိုလည်း ကျနော်တို့ Chin Brotherhood (Operation CB) ဆက်လုပ်နေတယ်၊ ဆက်လုပ်သွားဖို့လည်းရှိပါတယ်။ အားလုံးလက်ခံနိုင်တဲ့ မူကြမ်းတရပ်ဖြစ်လာမှပဲ တပ်ပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြောင်းလဲတည်ဆောက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ရဲ့ ဦးဆောင်မှုအောက်က ချင်းညီနောင်အဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF၊ PDF – Zoland၊ CDF – Mindat၊ CDF – Kanpatlet၊ CDF -Matupi တပ်မဟာ ၁ နဲ့ MTC MDF တို့ ရှိပါတယ်။

ချင်းပြည် (Chinland) ကောင်စီမှာတော့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF -Matupi တပ်မဟာ ၂၊ CDF – Lautu၊ CDF – Tongzang၊ CDF – Zotung၊ CDF – Hakha၊ CDF / CDM SIYIN၊ PDA – Tedim၊ CDF – KKG၊ CDF – Mara၊ CDF – Paletwah၊ CDF – Zanniatram နဲ့ Mindat Council တို့ ပါဝင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024