
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တို့ကို ချိတ် ဆက်ပြေးဆွဲမယ့် နိုင်ငံတကာကုန်တင်လေကြောင်းခရီးစဉ်သစ် ၂ ခုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင်လိုက်တဲ့အကြောင်း တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်မြို့တော် ကွေ့ယန်မြို့ကနေ ချိတ် ဆက်ပြေးဆွဲမယ့် ဒီကုန်တင်လေကြောင်းလိုင်းသစ်တွေကိုတော့ Boeing 737-800F အမျိုးအစား ကုန်တင်လေယာဉ်တွေ အသုံးပြုပြီးတော့ အမြင့်ဆုံး အလေးချိန် ၂၁ တန်နဲ့ ပြေးဆွဲမှာဖြစ်ကာ သက်ဆိုင်ရာလမ်းကြောင်းတွေကနေ တပတ်ကို ၄ ကြိမ်ကနေ ၅ ကြိမ်အထိ ပြေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အခုတိုးချဲ့လိုက်တဲ့ ကုန်တင်လေကြောင်းခရီးစဉ်တွေကိုတော့ ကာလကတ္တား၊ ဒေလီ၊ ကရာချိနဲ့ မော်စကိုစတဲ့ ခရီးစဉ်တွေ ပါ၀င်တဲ့ ကွေ့ယန်လေဆိပ်ရဲ့ နိုင်ငံတကာ ကုန်တင်လမ်းကြောင်းတွေ စာရင်းထဲမှာ ထပ်မံပြီးတော့ ထည့်သွင်းလိုက်တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာတော့ ကဏန်းနဲ့ ငါးရှဉ့်အပါအဝင် ရေထွက်ကုန် ပစ္စည်းတွေကို အဓိက ပို့ဆောင်နိုင်မှာဖြစ်ပြီး ပြည်ပခရီးစဉ်တွေမှာတော့ အဝတ်အထည်၊ အထည်အလိပ်တွေလို၊ ပန်းတွေ၊ အီလက်ထရွန်းနစ်နဲ့ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေလို ကုန်ပစ္စည်းတွေကို ပို့ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
Source: Xinhua