
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်နဲ့ မိုင်းပျဉ်းမြို့နယ်တို့မှာ အမျိုးသမီး စစ်မှုထမ်းခေါ်ယူဖို့အတွက် စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ပြီး လူနဲ့ နာမည် တိုက်စစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလအစပိုင်းကစပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ရပ်ကျေး အုပ်ချုပ်ရေးတွေက စာရင်းတွေကို ကောက်ယူနေတာဖြစ်ပါတယ်။
အသက် ၄၀ ကျော်အရွယ် မိခင်တယောက်က “အိမ်မှာ ဘယ်သူရှိလဲ၊ သမီးက ဒီအသက်အရွယ်စာရင်းထဲပါတယ်နော်လို့ ပြောသွားတယ်။ စာရင်းပဲ အရင်လာကောက်တာ၊ ဘယ်အချိန်မှာ ခေါ်မယ်လို့တော့ မပြောသေးဘူး။ ယောကျ်ားတွေက မသွားရင် သိန်း ၅၀ ပေးရတယ်။ အခုလည်း ဘယ်လိုဖြစ်မှာလဲ မပြောတတ်ဘူး” လို့ ပြောပါတယ်။
မိုင်းပျဉ်းမြို့နယ်အတွင်းမှာတော့ စစ်မှုထမ်းဖို့အသက်အရွယ်အရ အကျုံးဝင်တဲ့အမျိုးသမီးတွေကို အလှည့်ကျနဲ့ ခေါ်ယူမယ်လို့ ပြောဆိုထားကြောင်း ဒေသခံတွေကဆိုပါတယ်။
အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေတဲ့အတွက် ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးပဋိပက္ခတွေ၊ အကြောင်းအမျိုးမျိုးတွေကြေင့် ကျောင်းနားထားတဲ့ ရှမ်းအရှေ့၊ ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ ကရင်နီပြည်က အမျိုးသမီးအများစုဟာ တက္ကသိုလ်တက်ဖို့လျှောက်ထားတာတွေ ပိုများလာတယ်လို့ တောင်ကြီးတက္ကသိုလ်က စာရေးမတယောက်က ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းမှာလည်း အမျိုးသမီးစစ်မှုထမ်း ခေါ်ယူဖို့ လူစာရင်းကောက်ခံတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဒေသခံတွေအကြား ဝေဖန်တာတွေလည်း မြင့်တက်ခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထွက်လာပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်းမှာ စစ်မှုထမ်းခေါ်ယူဖို့ ပိုပြီး ခပ်စိပ်စိပ် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။