
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းနားမှာ စစ်ကောင်စီတပ်က လုံခြုံရေးအင်အားဖြည့်နေပြီး အဆောက်အအုံ အသစ်တွေလည်း ဆောက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြေးနီတွေ ဆက်လက်တူးဖော်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစလို့ စစ်ကောင်စီက အင်အားဖြည့်တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေနေထိုင်ဖို့ အဆောက်အအုံအသစ်တွေ ဆောက်လုပ်နေတာလို့ ဆိုပါတယ်။
ကြေးနီစီမံကိန်းနားမှာနေထိုင်တဲ့ ဒေသခံတယောက်က “ကြေးနီတွေ ဆက်လက် တူးဖော်နိုင်ဖို့အတွက် စစ်တပ်ကအင်အားဖြည့်တင်းနေတာကတော့ ၂ လလောက်ရှိပြီ။ ခုတခါ အဆောက်အအုံအသစ်တွေကို ထပ်မံဆောက်လုပ်နေတာက စစ်တပ်က သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုထားဖို့ လုပ်ဆောင်နေတာ” လို့ DVB ကို ပြောပါတယ်။
မုံရွာအနောက်ဘက် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ကျေးရွာပေါင်း ၂၈ ရွာရှိပြီး စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေအတွင်း နေထိုင်မရဲဘဲ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ဆုံးအပတ်က တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းမှာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်ပံတောင်းကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ထိခိုက်သေဆုံးခဲ့တယ်လို့ လက်ပံတောင်းကျေးရွာဒေသခံတွေဆီက သိရပါတယ်။