Home
မြန်မာသတင်း
စစ်မှုမထမ်းလိုသည့် လူငယ်များကို ကယ်ဆယ်ရန် မန္တလေးတော်လှန်လူငယ်များ တောင်းဆို 
DVB
·
January 28, 2025
Photo : EMCC-MDY

စစ်မှုမထမ်းရရေး ရှောင်တိမ်းဖို့ ကြိုးစားကြတဲ့ လူငယ်တွေကို ကယ်ဆယ်နေရာချဖို့ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ အားနည်းချက်တွေကို ပြင်ဆင်ကြဖို့ မန္တလေးဒေသ တော်လှန်လူငယ်တွေ့ဆုံပွဲကနေ ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မန္တလေးဒေသတွင်းက နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု တော်လှန်ရေးကဏ္ဍအသီးသီးမှာ ပါဝင်ရုန်းကန်တော်လှန်နေကြတဲ့ လူငယ်တွေဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက် နဲ့ ၂၃ ရက်မှာ လူချင်းနဲ့ အွန်လိုင်းကတဆင့်တွေ့ဆုံခဲ့တာပါ။

နွေဦးတော်လှန်ရေးကာလအတွင်း ကြုံတွေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းတွေ၊ လူထုကြုံတွေ့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး ဘယ်လို တုံ့ပြန်ဖြေရှင်းသင့်တယ်ဆိုတာကိုလည်း ဆွေးနွေးပြီး အိတ်ဖွင့်ပေးစာ ပေးပို့မှာ ဖြစ်ပါတယ်။

လက်ရှိ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုတွေအကြားမှာ နိုင်ငံရေး ဘုံသဘောတူညီချက်တွေ၊ နိုင်ငံရေးကတိကဝတ်တွေကို ခိုင်မာအားကောင်းအောင် မတည်ဆောက်နိုင်သေးတာ၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်၊ ဖက်ဒရယ်ယူနစ်တွေအကြားမှာလည်း လုပ်ပိုင်ခွင့် အာဏာကို တိတိကျကျ ရှင်းရှင်းလင်းလင်း မတည်ဆောက်နိုင် သေးတာ၊ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးဆိုင်ရာအောင်မြင်မှုနဲ့ စစ်ရေးအရွေ့တွေ မြန်မြန်တိုးတက်နေပေမဲ့ နိုင်ငံရေးဆိုင်ရာဘုံသဘောတူညီချက်တွေရဖို့ ကြန့်ကြာနေပြီး လက်နက်အခြေပြု အာဏာတည်ဆောက်တာတွေ ပိုပြီးကျယ်ပြန့်လာတယ်လို့ သူတို့က ဆိုပါတယ်။

ပြီးတော့ တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် တော်လှန်ရေး တပ်ပေါင်းစု စုဖွဲ့မှုသဏ္ဌာန်နဲ့ တပ်ပေါင်းစုစည်းနှောင်မှုတို့ကို ပျက်ပြားစေတဲ့ အခြေအနေ ရောက်သွားဖို့ ဖန်တီးမိသလို ဖြစ်စေတာကိုလည်း သတိပြုဆင်ခြင်ဖို့ ထုတ်ပြန်ဖော်ပြပါတယ်။

အားလုံးပါဝင်တဲ့ နိုင်ငံရေးတပ်ပေါင်းကနေ စစ်ရေး၊ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးပုံဖော်ဖို့နဲ့ နိုင်ငံရေး တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုတို့ကို အလေးထားဖို့၊ တော်လှန်ရေးရဲ့ အဆုံးသတ် ရည်မှန်းချက်တွေကို တိတိကျကျ သဘောတူညီချက်ရအောင်လုပ်ပြီး လူထုကို အသိပေးဖို့၊ နိုင်ငံရေးအင်အားစုတွေ အချင်းချင်းကြား ဖက်ဒရယ်ဆိုင်ရာအာမခံချက် ပိုပြီးခိုင်မာစေဖို့ ဘုံနိုင်ငံရေး သဘောတူညီချက်တရပ် အမြန်ဆုံးရအောင်လုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

ပြောရင်းဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ မမေနှင်းက “တော်လှန်ရေးအင်အားစုအသီးသီးဟာ ဘုံအကျိုးစီးပွားကို ရှေးရှုပြီး ပြည်သူကို မျက်နှာမူရင် တချို့ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းနိုင်ဖို့လိုပါတယ်။ ဖြေရှင်းနည်းရှိပြီး ဖြေရှင်းနိုင်စွမ်းမရှိနေရင်တော့ ရှက်ဖို့ကောင်းပါတယ်။ ဒါကြောင့် လုပ်ရမယ့် အလုပ်တွေကို ပိုအားစိုက်ထုတ်လုပ်ပြီး ၄ နှစ်တာကာလအတွင်း မှားခဲ့တာ၊ အားနည်းခဲ့တာတွေကို နည်းမှန်လမ်းမှန်နဲ့ ၂၀၂၅ မှာ ပြင်ဆင်သင့်ပါတယ်။ ဒါကြောင့်လည်း ပြင်ဆင်သင့်တဲ့ နည်းနာလုပ်ငန်းပိုင်းကို ကျနော်တို့ လူငယ်တွေအမြင်ကို လွတ်လပ်စွာ ဆွေးနွေးခဲ့ကြတာပါ။ သက်ဆိုင်ရာအင်အားစုတွေကို ပေးပို့ တိုက်တွန်းတောင်းဆိုသွားမှာပါ” လို့ ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေဆီက ရနိုင်တဲ့ ပံ့ပိုးမှုတွေရအောင် ကြိုးပမ်းမှုနည်းတာ၊ တော်လှန်ရေး အင်အားစုအချင်းချင်းအကြား အားပြိုင်တာ၊ အငြင်းပွားဖွယ်ကိစ္စတွေဖြစ်အောင် လုပ်နေတာတို့ကလည်း တော်လှန်ရေးနဲ့ ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု အများကြီး ဖြစ်စေတယ် ဆိုတာကို လူငယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အဓမ္မစစ်မှုမထမ်းရဖို့အတွက် ရှောင်တိမ်းဖို့ ကြိုးစားကြတဲ့ လူငယ်တွေအတွက် ကယ်ဆယ် နေရာစီစဉ်ချထားတာ၊ လမ်းညွှန်ချက်တွေ အကြံပြုတာနဲ့ ချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေ ပံ့ပိုးဖို့၊ လူငယ်တွေအနေနဲ့ စစ်မှုမထမ်းရအောင် ရှောင်တိမ်းပြီး တော်လှန်ရေးမှာ ပိုပြီး ပါဝင်လာစေဖို့၊ တော်လှန်ရေးမှာ မပါချင်တဲ့ လူငယ်တွေအတွက်လည်း ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေရေး ဖန်တီးစီစဉ်ပေးဖို့ တွေ့ဆုံပွဲကနေ တောင်းဆိုပါတယ်။

ပြီးတော့ တော်လှန်ရေးဦးဆောင်အင်အားစုတွေက ပြည်သူ့ဝန်ဆောင်မှုပေးနိုင်စွမ်း အားနည်းတာ၊ တော်လှန်ရေးအတွင်း ပါဝင်ရုန်းကန်နေကြတဲ့ လူငယ်တွေ၊ CDM နိုင်ငံ့ဝန်ထမ်းတွေအပေါ် ပံ့ပိုးပေးနိုင်စွမ်း အားနည်းခြင်းတို့ကြောင့် မြို့ပြနေပြည်သူတွေဟာ တော်လှန်ရေးကို စိတ်ပါဝင်စားမှု နည်းလာကြတယ်လို့ သူတို့က ထောက်ပြပါတယ်။

ဒါကြောင့် CDM ဆိုင်ရာသတ်မှတ်ချက်တွေကို တပြေးညီထားပြီး အကြမ်းဖက် စစ်ကောင်စီဘက်က အဆင့်မြင့်အရာရှိတွေ ဘက်ပြောင်းခိုလှုံလာနိုင်စေရေး မဟာဗျူဟာတွေ ချမှတ်အကောင်အထည်ဖော်ဖို့၊ တော်လှန်ရေးကာလအတွင်း ပြည်တွင်း ပြည်ပက လုပ်သားတွေ၊ ပညာရှင်တွေ၊ လူငယ်တွေ လူမှန်နေရာမှန်မှာ ပါဝင်နိုင်ဖို့ အလေးထားလုပ်ပေးဖို့လည်း တောင်းဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်ဆောင်ရွက်နေကြတဲ့ အင်အားစုတွေအနေနဲ့ တရားဥပဒေ အားကောင်းလာစေဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ၊ ဥပဒေတွေ၊ စည်းမျဉ်းတွေကို ချမှတ်နိုင်မှု အားနည်းတာရှိသလို ချမှတ်ထားတဲ့မူဝါဒတွေ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်တာလည်း အားနည်းတယ်လို့ လူငယ်တွေက ထောက်ပြထားပါတယ်။

မမေနှင်းက “တိုက်ရင်း တည်ဆောက်နေရတဲ့ တော်လှန်ရေး ဖြစ်တာကြောင့် အခက်အခဲများစွာ ရှိတာက သဘာဝပါပဲ။ ဒါပေမဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင်တော့ တော်လှန်ရေးအတွက် အားနည်းချက်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မြန်အဆုံးသတ်ရမယ့်အောင်ပွဲက ရောက်ဖို့ ပိုကြန့်ကြာနိုင်စေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကို အသက်ဆက်စေမဲ့ အထောက်အပံ့မှန်သမျှကို ဖြတ်တောက်နိုင်ရေး ပိုပြီးလှုံ့ဆော်ဖို့၊ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်လက်နက်ခဲယမ်းတွေကို နည်းပညာ အဆင့်မြှင့်တင်နိုင်ရေး ထိထိရောက်ရောက်လုပ်ဖို့၊ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ပြီး မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊  စစ်ရှောင်ပြည်သူတွေအတွက် ပြည်သူ့ဝန်ဆောင်မှု အပြည့်အဝရရှိစေရေး စီစဉ်ဆောင်ရွက်ဖို့၊ ကြားကာလ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုလုပ်ဖို့၊ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ ဒေသအခြေပြု အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစနစ်တွေကို စနစ်တကျ ပြန်လည်တည်ဆောက်ဖို့၊ လူထုကို တာဝန်ခံနိုင်တဲ့ လူထုက ထိန်းကျောင်းနိုင်တဲ့ အုပ်ချုပ်ရေးစနစ်တရပ်ကို ဖော်ဆောင်ဖို့ အပါအဝင် အချက် ၂၁ ချက်ကို တွေ့ဆုံပွဲကနေ တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024