Home
နိုင်ငံတကာ
ပျက်ကျကိုရီးယားလေယာဉ်၏ အင်ဂျင် ၂ လုံးတွင် ဘဲကျား DNA တွေ့ဟု အစီရင်ခံစာ ဖော်ပြ
DVB
·
January 27, 2025
Photo: REUTERS/Kim Hong-Ji

ပြီးခဲ့တဲ့လက မတော်တဆဖြစ်ပြီး ပေါက်ကွဲပျက်စီးခဲ့တဲ့ တောင်ကိုရီးယားဂျေဂျူးလေယာဉ်ရဲ့ အင်ဂျင် ၂ လုံးစလုံးမှာ ဆောင်းခိုငှက်တမျိုးဖြစ်တဲ့ ဘဲကျားရဲ့ DNA တွေ့ရှိတယ်လို့ ကနဦးအစီရင်ခံစာမှာ ဖော်ပြပါတယ်။

စာမျက်နှာ ၆ မျက်နှာပါ ကနဦးအစီရင်ခံစာမှာ ဘိုးအင်း 737-800 လေယာဉ်ရဲ့ အင်ဂျင်နှစ်လုံးစလုံးမှာ ဆောင်းရာသီကျရင် အုပ်စုလိုက်ပျံသန်း ဆောင်းခိုလေ့ရှိတဲ့ Baikal Teals (ဘိုက်ကယ်လ် တီးလ်) လို့ခေါ်တဲ့ ဘဲကျားရဲ့ DNA ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဆင်းသက်ဂီယာမချဘဲ ဘာကြောင့် ဆင်းသက်ခဲ့ရသလဲ၊ နောက်ဆုံးလေးမိနစ်မှာ ဘာကြောင့် ပျံသန်းမှုမှတ်တမ်း ရီကော်ဒါ ရပ်သွားသလဲဆိုတဲ့ ကနဦးကောက်ချက်တွေ မဖော်ပြထားပါဘူး။

ဒီဇင်ဘာ ၂၉ ရက်က ဘန်ကောက်ကနေ ပြန်လာတဲ့ ဂျေဂျူးလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ  ကိုရီးယား မူအန်းလေဆိပ်မှာ ပြေးလမ်းပြောင်းပြန်၊ အရေးပေါ်ဝမ်းဗိုက်နဲ့ လျှပ်ဆင်းခဲ့ပါတယ်။

ဒါပေမဲ့ ပြေးလမ်းကိုကျော်ပြီး localiser လို့ခေါ်တဲ့ ဆင်းသက်မှုထောက်ကူပြု အင်တာနာတိုင်တွေ တပ်ဆင်ထားတဲ့ ကုန်းကို ဝင်တိုက်ခဲ့ပြီးနောက် လိုက်ပါလာသူတွေထဲမှာ ၂ ယောက်ကလွဲလို့ ကျန် ၁၈၁ ယောက်လုံး သေဆုံးခဲ့ပါတယ်။

ဒီကုန်းကြီးကို ဝင်တိုက်ခဲ့အပြီးမှာ မီးလောင်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အင်ဂျင်နှစ်လုံးစလုံးဟာ ကုန်းကြီးရဲ့ မြေစာပုံကြီးထဲဝင်ကို နစ်ဝင်သွားခဲ့ပြီး လောင်စာဆီ ယိုဖိတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

မြေသားကို ကွန်ကရစ်နဲ့ အားဖြည့်တည်ဆောက်ထားတဲ့ ဒီအင်တာနာတိုင်တွေထားတဲ့ ကုန်းကို ဝင်တိုက်တာကြောင့် အသေအပျောက်များရတာ ဖြစ်တယ်လို့လည်း ပညာရှင်တွေက သုံးသပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အရပ်ဘက်ပျံသန်းမှုအဖွဲ့ (ICAO) ရဲ့ သတ်မှတ်ချက်အရ တောင်ကိုရီးယား လေကြောင်းနဲ့ ရထားမတော်တဆမှု စုံစမ်းရေးဘုတ်အဖွဲ့က ကနဦးအစီရင်ခံစာကို ရက် ၃၀ အတွင်း ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို တနှစ်အတွင်း ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024