မိုးယွန်းကြီးအင်းမှာ ဆောင်းခိုငှက်ဝင်ရောက်မှု လျော့ကျလာသလို ငှက်ကြည့်ဝါသနာရှင်တွေလည်း လာရောက်လည်ပတ်သူနည်းပါးလာတယ်လို့ သိရပါတယ်။
မြန်မာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသဖြစ်တဲ့ မိုးယွန်းကြီးအင်းအတွင်း ပြီးခဲ့တဲ့ ရေကြီးနစ်မြုပ်ခဲ့တဲ့ရာသီမှာ အင်းအတွင်း အိပ်ခုံလို့ခေါ်ကြတဲ့ စားကျက်ခုံတွေ မျောပါပျက်စီးခဲ့တဲ့အတွက် စားကျက်မြေရှားပါးလာတာကလည်း ဆောင်းခိုငှက်တွေ အင်းရေပြင်ထဲဝင်ရောက်မှုနည်းပါးရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
စားကျက်မြေတွေရှားပါးလာတဲ့အခါ ဆောင်းခိုငှက်တွေလာရောက်စားသုံးလေ့ရှိတဲ့ အဓိကအစာ တမျိုးဖြစ်တဲ့ နတ်စပါးတွေ နည်းပါးလာတဲ့အတွက် အစာရေစာရှားပါးလာတာဖြစ်တယ်လို့ မိုးယွန်းကြီးအင်းဒေသခံက ရှင်းပြပါတယ်။
“နတ်စပါးမရှိတဲ့အတွက် အစားသောက်နည်းသွားတာပေါ့။ ဟိုတုန်းကဆိုရင်ကျတယ်လေ။ နတ်စပါးလည်းစားရ၊ သက်ကြီးစပါးလည်း စားရ။ အဲ့လိုစားရတာကိုး။ အခုတော့သူတို့က ဒီမှာ ရေချိုးရုံသက်သက်ပဲရှိတော့တယ်လေ။ တချို့ကျတော့လည်း ဆည်မြောင်းခုံမှာနားတယ်။”
အင်းရေပြင်က အခုလိုဆောင်းရာသီမှာ အရင်နှစ်တွေကနဲ့မတူဘဲ ရေအနည်းဆုံးနေရာမှာ ရေအနက်က ၅ ပေ အထိရှိနေပြီး အနက်ဆုံးနေရာမှာတောင် ၁၀ ပေအထိမြင့်တက်နေတယ်လို့ သစ်တောဦးစီးက ထုတ်ပြန်ပါတယ်။
ဒါကြောင့် အင်းရေပြင်အတွင်းသွားလာကျက်စားကြတဲ့ ဒေသငှက်တွေအပါအဝင် အဝေးက ဆောင်းခိုလာတဲ့ငှက်တွေပါ ဆောင်းခိုချိန် တလသာကျန်ရှိတော့တဲ့အချိန်ရောက်တဲ့အထိ ငှက်တွေ တွေ့ရနည်းလာတာ ဖြစ်ပါတယ်။
မိုးယွန်းကြီးအင်းအတွင်း ဆောင်းခိုငှက် ၅၉ မျိုးနဲ့ ဌာနေငှက် ၇၇ မျိုးအထိ ရာသီချိန်အလိုက် ကျက်စားလေ့ရှိပေမဲ့ အခုနှစ်ဆောင်းခိုရာသီဖြစ်တဲ့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအတွင်း ရှားပါးငှက်မျိုးစိတ် ၁၀ မျိုးထဲက ၅ မျိုးပဲ ဝင်ရောက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆောင်းခိုငှက်တွေကို အင်းရေပြင်အတွင်း တွေ့ရနည်းလာသလို လာရောက်ကြည့်ရှုကြတဲ့ ပြည်တွင်း၊ ပြည်ပ ငှက်ဝါသနာရှင်တွေလည်း လာရောက်လေ့လာကြည့်ရှုမှု မရှိသလောက် နည်းပါးလာတယ်လို့ အင်းအတွင်း ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူက ပြောပါတယ်။
“အခုနောက်ပိုင်းကတော့ ငှက်ကြည့်ဖို့အတွက် လိုကယ်တောင် သိပ်မလာတော့ဘူး။ အရင်တုန်းကတော့ လိုကယ်က စိတ်ဝင်စားတယ်။ ငှက်ကို၊ နောက်ပိုင်းတွေလေ။ နိုင်ငံခြားသားနဲ့ တွဲကြည့်တာတို့၊ သူတို့ ငှက်အသင်းတွေထောင်ထားတာ။ အရင်တုန်းကဆိုရင် လှော်ကားတို့ဘာတို့မှာ ငှက်သင်တန်းပေးတဲ့ အဖွဲ့တွေရှိတယ်။ အများကြီးပြောင်းလဲသွားတယ်။ မရှိဘူး။ အရင်တုန်းကဆိုရင် ဒီအချိန် ငှက်ကြည့်တဲ့အဖွဲ့တွေကအပြည့်ပဲ၊ အကုန်လုံး မပြည့်ရင်တောင်မှ ၃၊ ၄ ခန်းကအပြည့်ရှိတယ်။ အခုကတော့ အဓိကငှက်ကြည့်တဲ့ အဖွဲ့တွေဆိုရင် ဂျာမန်၊ အမေရိကန်၊ ဂရိတ်ဗြိတိန် အဲ့ဒါတွေက လုံးဝမလာတော့ဘူး။ အရင်တုန်းက ငှက်ကြည့်တဲ့အဖွဲ့တွေ အဲ့အဖွဲ့တွေပဲ အားကိုးရတာ။”
အင်းရေပြင်အတွင်း စားကျက်ခုံတွေမျောပါပျက်စီးလို့ ကျေးငှက်အစာဖြစ်တဲ့ သဘာဝအတိုင်း ပေါက်ရောက်တဲ့ နတ်စပါးတွေနည်းပါးလာတဲ့အပြင် အဲ့ဒီအိပ်ခုံလို့ခေါ်တဲ့စားကျက်ခုံတွေမှာ မြွေတွေခိုအောင်းမှာကိုစိုးရိမ်တဲ့အတွက် စားကျက်ခုံတွေကို မီးရှို့တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ် မိုးယွန်းကြီးအင်းအတွင်း ဆောင်းခိုလာတဲ့ငှက်အမျိုးအစားတွေက တောဝမ်းဘဲ၊ မြစ်တွေးငှက်၊ ငါးဟစ်မွဲ၊ ခရုစုတ်ခေါင်းမည်းစတဲ့ ငှက်မျိုးစိတ်တွေဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ အင်းရေပြင်အတွင်းရေကျလာရင် ဆောင်းခိုငှက်တွေဝင်လာမှာဖြစ်ပြီး အခုအခါမှာတော့ အင်းအရှေ့ဘက်ကမ်းက ဖလောက်၊ တာဂွစတဲ့ ကျေးရွာတွေမှာ ဆောင်းခိုငှက်တွေရှိနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းကြပါတယ်။
မိုးယွန်းကြီး အင်းအတွင်းမှာတော့ ငှက်ဝါသနာရှင်တွေအနေနဲ့ လွတ်လပ်စွာလေ့လာနိုင်ပြီး ရန်ကုန်ကနေ ပဲခူးတလျှောက် စစ်ကောင်စီဂိတ်တွေကတော့ လူငယ်၊ လူလတ်ပိုင်း အမျိုးသားတွေကို အဓိကထား စစ်မေးနေတာကို တွေ့ရပါတယ်။