ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံက ဆေးရုံတွေမှာ Mask မျက်နှာဖုံးတပ်ထားတဲ့ လူတွေနဲ့ ပြည့်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အတွက် နောက်ထပ် ကပ်ရောဂါကြီးတခု ထပ်ဖြစ်မှာကို ကမ္ဘာတလွှား စိုးရိမ်မှုမြင့်တက်လာခဲ့ပါတယ်။
တရုတ် HMPV ဗိုင်းရပ်စ်ပျံ့နှံ့မှု ဘာလဲ၊ ဘယ်လဲ
တရုတ်အစိုးရကတော့ တုပ်ကွေးနဲ့ ဆင်တူတဲ့ ဟျူးမန်း မက်တာနူမိုဗိုင်းရပ်စ် human metapneumovirus (HMPV) ဖြစ်ပွားမှု အခြေအနေ၊ အထူးသဖြင့် ကလေးသူငယ်တွေအကြားမှာ မြင့်တက်နေတယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမဲ့ ဒါဟာ ရာသီကြောင့်ဖြစ်တာလို့ပဲ ဆိုပါတယ်။ ပညာရှင်တွေကလည်း စိတ်မပူဖို့နဲ့၊ ဒီဗိုင်းရပ်စ်ဟာ အသစ်မဟုတ်သလို၊ Covid-19 လောက်လည်း မပြင်းထန်ဘူးလို့ သုံးသပ်ထားကြပါတယ်။ ဒါပေမဲ့ ကိုဗစ်အနာဟောင်း မကျက်သေးတဲ့ ကမ္ဘာမှာ စိုးရိမ်မှုတွေ မြင့်တက်လာနေပြီး တရုတ်နိုင်ငံဘက်က အချက်အလက်တွေ အချိန်နဲ့ တပြေးညီ မှန်မှန်ကန်ကန်ထုတ်ပြန်ပေးဖို့ မျှော်လင့်နေကြပါတယ်။
WHO ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မာဂရက် ဟဲရစ်က "တရုတ်နိုင်ငံက သတင်းပို့ထားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေက ပုံမှန်အတိုင်းပဲ ဖြစ်ပါတယ်။ ဆောင်းရာသီမှာ ဒီလိုမျိုး မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အာဏာပိုင်တွေရဲ့ အစီရင်ခံစာအရ ဆေးရုံတက်နှုန်းက ပုံမှန်ထက်တောင် နည်းနေပါသေးတယ်။ မနှစ်ကထက်တောင် နည်းနေပါသေးတယ်။ ပြီးတော့ - ဒါအရေးကြီးပါတယ် - အရေးပေါ်အခြေအနေ ကြေညာချက်တွေ လုံးဝ မရှိပါဘူး” လို့ ပြောပါတယ်။
HMPV ဆိုတာ ဘာလဲ
HMPV ဆိုတာ တုပ်ကွေးလိုမျိုး အပျော့စား အသက်ရှူလမ်းကြောင်း အထက်ပိုင်း ကူးစက်မှုဖြစ်စေတဲ့ ပုံမှန် အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ် တစ်မျိုးပါ။ လက္ခဏာတွေထဲမှာ ချောင်းဆိုး၊ ကိုယ်ပူ၊ နှာခေါင်းပိတ်တာတွေ ပါဝင်ပါတယ်။ လူအများစုမှာတော့ ဒီရောဂါက တုပ်ကွေး ဒါမှမဟုတ် အအေးမိတာနဲ့ ခွဲခြားလို့ မရလောက်အောင် ဆင်တူပါတယ်။ ဒါပေမဲ့ ၂ နှစ်အောက် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကင်ဆာလိုမျိုး နာတာရှည်ရောဂါသည်တွေနဲ့ ခုခံအားကျဆင်းနေသူတွေမှာတော့ ပြင်းထန်နိုင်ပါတယ်။
ပြင်းထန်တဲ့ လူနာတွေဆိုရင် တရွှီးရွှီးမြည်တာ၊ အသက်ရှူကြပ်တာ၊ လည်ချောင်းရောင်တာ၊ အဆုတ်ရောင်တာတွေအထိ ဖြစ်နိုင်ပါတယ်။ ခုခံအားနည်းတဲ့ လူနာတချို့ဆိုရင် ဆေးရုံတက်ရနိုင်ပြီး၊ ရှားပါးဖြစ်စဉ်တွေမှာတော့အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။
WHO ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မာဂရက် ဟဲရစ်က "ဒါက အသစ်တွေ့တဲ့ ဗိုင်းရပ်စ် မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်မှာ စတွေ့ရှိခဲ့တာပါ။ လူသားတွေကြားထဲမှာလည်း အချိန်အတော်ကြာကြာ ရှိနေခဲ့ပါပြီ။ ဒါက ဆောင်းရာသီနဲ့ နွေဦးရာသီတွေမှာ ဖြစ်လေ့ရှိတဲ့ သာမန်ဗိုင်းရပ်စ်ပါ။ အများအားဖြင့် အအေးမိတာလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
HMPV ကို ဘယ်တုန်းကစတွေ့သလဲ
ဒီဗိုင်းရပ်စ်ကို ၂၀၀၁ ခုနှစ်က နယ်သာလန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူသားတွေကြားမှာတော့ အနည်းဆုံး နှစ် ၆၀ လောက် ရှိနေပြီလို့ သိရပါတယ်။ ကလေးတိုင်းလိုလို အသက် ၅ နှစ်မပြည့်ခင် ဒီပိုးနဲ့ တခါလောက် ထိတွေ့ဖူးတယ်လို့ ဆိုပါတယ်။ တသက်တာမှာ အကြိမ်ကြိမ် ပြန်ကူးနိုင်ပါတယ်။ ဒီရောဂါက ကိုဗစ်နဲ့ တုပ်ကွေးလောက် နာမည်မကြီးရတာက စစ်ဆေးမှုတွေ သိပ်မလုပ်ကြလို့ပါ။ များသောအားဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေထဲမှာပဲ ထည့်တွက်လေ့ ရှိပါတယ်။
ဘယ်လိုကူးစက်သလဲ
တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေလိုပဲ ကူးစက်ပုံဆင်တူပါတယ်။ ချောင်းဆိုး နှာချေတဲ့အခါ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ရောဂါရှိသူနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ပိုးရှိနေတဲ့ မျက်နှာပြင်တွေကို ထိမိပြီး ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတွေကို ပြန်ပွတ်မိရာကနေ ကူးနိုင်ပါတယ်။
ဘာ့ကြောင့် တရုတ်မှာ အဖြစ်များသလဲ
အခုက တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ဆောင်းရာသီဖြစ်နေသလို အအေးပိုနေပါတယ်။ မတ်လအထိ အအေးဓာတ်က ဆက်ရှိနေဦးမှာပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေက အအေးပိုင်းရာသီမှာ ပိုပြီး ရှင်သန်နိုင်သလို၊ လူတွေက အိမ်တွင်းမှာပဲ စုဝေးနေကြတော့ ပိုပြန့်ပွားလွယ်ပါတယ်။ တရုတ်နိုင်ငံတခုတည်း မဟုတ်ပါဘူး။ အမေရိကန်၊ ဗြိတိန် အပါအဝင် မြောက်ကမ္ဘာခြမ်းက နိုင်ငံတွေမှာလည်း ၂၀၂၄ အောက်တိုဘာကစပြီး ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာ တွေ့ရပါတယ်။
ကိုဗစ်နဲ့ တူသလား
တရုတ်ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်နေတဲ့ပုံတွေက ကိုဗစ်ကို ပြန်အမှတ်ရစေပေမဲ့ အခြေအနေကတော့ လုံးဝကွာခြားပါတယ်။ HMPV က အသစ်မဟုတ်ပါဘူး။ ဆယ်စုနှစ်တွေနဲ့ချီပြီး ရှိနေတာပါ။ လူတိုင်းလိုလို ငယ်ငယ်ကတည်းက ထိတွေ့ဖူးပြီး ခုခံအားရှိနေကြပါပြီ။ ကမ္ဘာ့အရေးပေါ်အခြေအနေ မရှိပါဘူး။ ရာသီအလိုက် ဖြစ်တတ်တဲ့ပုံစံအတိုင်းပဲ ဖြစ်နေတာပါ။
WHO က ဘာပြောသလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ ဒီကူးစက်မှုဟာ ရာသီအလိုက် ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေရဲ့ သဘာဝအတိုင်းပဲလို့ ပြောပါတယ်။ တရုတ်ကျန်းမာရေး အာဏာပိုင်တွေကလည်း ဒီနှစ်က ပြီးခဲ့တဲ့နှစ်ထက်တောင် သက်သာတယ်လို့ ဆိုပါတယ်။
WHO ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မာဂရက် ဟဲရစ်က "သေဆုံးနှုန်းက အရမ်းကို နည်းပါတယ်။ သေဆုံးမှု တွေ့ရတဲ့အုပ်စုကတော့ အရမ်းကို ကိုယ်ခံအားနည်းတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလိုလူတွေမှာ ပုံမှန်အားဖြင့် အဆုတ်ရောင်ရောဂါနဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ တွေ့ရလေ့ရှိပါတယ်” လို့ ပြောပါတယ်။
တရုတ်အစိုးရက ပြည်သူတွေကို အောက်ပါအချက်တွေ လိုက်နာဖို့ နှိုးဆော်ထားပါတယ်။ “လူစုလူဝေးထဲမှာ နှာခေါင်းစည်း တပ်ဆင်ပါ၊ အထူးသဖြင့် ထိခိုက်လွယ်တဲ့သူတွေ လူစုလူဝေးရှောင်ပါ၊ လက်ကို မကြာခဏဆေးကြပါ” လို့ နှိုးဆော်ထားပါတယ်။
ကာကွယ်ဆေးနဲ့ ကုသမှု ရှိသလား
လောလောဆယ်မှာတော့ HMPV အတွက် သီးသန့်ကာကွယ်ဆေး မရှိသေးပါဘူး။ လူနာတွေကို ကုသတဲ့အခါ လက္ခဏာအလိုက် ကုသပေးရပါတယ်။ ဥပမာ - ကိုယ်ပူတာကို ကျအောင်လုပ်ပေးတာ၊ နှာခေါင်းပိတ်တာနဲ့ အသက်ရှူကြပ်တာတွေကို သက်သာအောင် လုပ်ပေးတာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လာရင် အောက်စီဂျင်ပေးဖို့နဲ့ ဆေးရုံတက်ဖို့ လိုအပ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ပြောတာကတော့ HMPV အတွက် သီးသန့်ကာကွယ်ဆေး မရှိသေးပေမဲ့ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံတွေက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကူးစက်မှုတွေကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
HMPV ဘယ်လောက်စိုးရိမ်စရာ ကောင်းသလဲ
HMPV ကူးစက်မှုများလာတာကြောင့် တရုတ်လူမှုကွန်ရက်တွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ ကပ်ရောဂါဖြစ်မှာကို ကြောက်စရာမလိုဘူးလို့ ဆိုပါတယ်။ ပိုးသတ်ဆေးတွေ ထင်သလို မသောက်ကြဖို့လည်း သတိပေးထားပါတယ်။ တရုတ် လူမှုကွန်ရက် Weibo မှာ တုပ်ကွေးက ဘာလို့ ဒီလောက်ပြင်းရတာလဲဆိုတဲ့ trend ခေတ်စားနေပါတယ်။ သတင်းအချက်အလက်တွေကို စဉ်ဆက်မပြတ် လေ့လာပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ဒါဟာ နောက်ထပ် Covid-19 မဟုတ်ဘူးလို့တော့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
ဒါပေမဲ့ တရုတ်ဘက်က ဖြစ်ပွားမှု အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ မျှဝေပေးဖို့ လိုအပ်နေတယ်လို့ ပညာရှင်အချို့က ထောက်ပြထားကြပါတယ်။ HMPV ကြောင့် ဖြစ်တာ သေချာသလား၊ သိသိသာသာ ပူပန်လောက်စရာ မျိုးဗီဇပြောင်းလဲမှုမျိုး မရှိတာ သေချာသလားဆိုတဲ့ အချက်အလက်တွေပါ ဝေမျှဖို့လိုတယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။
စိုင်းခေတ်နွေ