“အိမ်ကထွက်သွားပြီး အခုထိ ပြန်မရောက်သေးပါ .. စိတ်ပူနေပါသည် .. တွေ့ရှိက ဆက်သွယ်ပေးပါ ။” လူပျောက်ကြော်ငြာ။
ဒါက ဖေ့စ်ဘွတ်ခ်ပေါ်တွင် နေ့စဉ်နှင့်အမျှ များလာနေသည့် ပို့စ်များဖြစ်သည်။ ဘယ်နေရာမှာ ဘယ်အချိန်က လူဘယ်နှစ်ယောက်ကို ပေါ်တာဆွဲသွားလို့ ဟူသည့် အကြောင်းများကလည်း ဘယ်လောက်သေချာသည် မပြောနိုင်သော်လည်း မကြာခဏဆိုသလို တွေ့နေရသေးသည်။
ဖေ့စ်ဘွတ်ခ်တွင် ရေးသမျှ တင်သမျှ မှန်သည်မဆိုနိုင်သော်လည်း တကယ့်လက်တွေ့တွင် ဖြစ်နေသည်များကို ထင်ဟပ်နေသည်သာ။
မကြာသေးခင်က သာကေတမြို့နယ်တွင် ဖြစ်သွားသည့်အကြောင်းကို မျက်မြင်တွေ့ခဲ့သူက “အာရဖတ်ကားက လမ်းဘေးရပ်ထားတာ။ အဲနေရာက လူပြတ်တယ်။ ကောင်လေးက ထမင်းချိုင့်လေးနဲ့ အနားကကပ်ဖြတ်တုန်း ကားထဲကလူနှစ်ယောက်က အတင်းဆွဲတင်သွားတယ်။ ကိုယ်က ခပ်လှမ်းလှမ်းကဆိုတော့ မြန်မြန်ရှောင်လိုက်ရတာပေါ့။ တကယ်တော့ အဲဒီကောင်လေးလည်း ထွက်ပြေးနိုင်ရင်လွတ်တယ်” ဟု ပြောသည်။
ဘာကြောင့် ဘယ်ကိုခေါ်သွားသည်ကို မပြောနိုင်သော်လည်း လူငယ်တယောက် အလိုမတူဘဲ ဖမ်းဆီးခံလိုက်ရသည်ကတော့ သေချာသည်။
ထိုသို့ လမ်းဘေးတွင်ရပ်ထားသည့် ကားများကို ရှောင်ရန်နှင့် လူပြတ်သည့်နေရာများတွင် သတိပြုရန်လည်း သူက အကြံပေးသည်။
ကျီးငှက်များ အစာကောက်သလို ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ဖြင့် လေ့လာစူးစမ်းကြဖို့လိုသည်။
နိုင်ငံအနှံ့က စစ်ပွဲနှင့် အဆင်မပြေမှုများကြောင့် နေရပ်ကို စွန့်ခွာရသူ အများအပြား ရန်ကုန်တွင် ခိုလှုံလာကြသည်။ အလုပ်ပေါသည် ဆိုသော်လည်း ကျောတခင်းစာနေရာအတွက်ကတော့ မလွယ်။
စစ်ဖြစ်နေသည့်မြို့မှ ရန်ကုန်သို့ရှောင်လာပြီး အစားအသောက်ပို့သည့် ကုမ္ပဏီတွင် လုပ်ကိုင်နေသူတဦးက “အော်ဒါရှိတဲ့နေရာတွေတော့ သွားရတာပဲ။ စားသောက်ဖို့ကလည်း ရှာရတာကိုး။ ဒါပေမဲ့ ညဘက်ကိုတော့ မထွက်ဘူး။ ကျနော်တို့ ဒလီပို့နေတဲ့သူတွေကိုတော့ လမ်းပေါ်မှာ မဆွဲလောက်ဘူး ထင်တာပဲ” ဟု ပြောသည်။
ရန်ကုန်၏ ကြီးမြင့်သောကုန်ဈေးနှုန်းက တိုက်ခန်းတခုတွင် တမြို့တည်းသားချင်း စပ်တူနေထိုင်သည့်တိုင် မသေးလှ။ သူနှင့်အတူ တိုက်ခန်းတွင် ပေါင်းနေသူ ၄ ဦးရှိပြီး ထမင်းစရိတ် အပါအဝင် ၁ လကို ၂ သိန်းပေးရသည်။ ငွေလုံးငွေရင်းပါမလာသော သူ့အဖို့ ဤအလုပ်က အသက်ရှူချောင်စေပြီး စွန့်ခွာခဲ့ရသောမြို့သို့ ပြန်ရန်ကလည်း အလွန်ခက်ခဲသောကြောင့် ရန်ကုန်မှာပင် ဖြစ်သလို နေထိုင်ရဦးမည်ဟု သူက ဆိုသည်။
သူ့လို ဒလီပို့သူများ ယခုရက်ပိုင်းအတွင်း အိမ်ပြန်မရောက်ဘဲ ပျောက်သွားသည့်သတင်းများကို ကြားသည်ဟုလည်း ပြောသည်။
မကြာမီရက်ပိုင်းကပင် မန္တလေးမြို့က ဒလီပို့သူ မိန်းကလေးတဦး ပစ္စည်းသွားပို့နေရင်း ဖုန်းအဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးခဲ့သလို ရန်ကုန်က ဒလီပို့သူ လူငယ်တဦးလည်း ပျောက်ဆုံးခဲ့သည်။
ရန်ကုန်မြို့တွင်းနေထိုင်သူ လူငယ်တဦးက “ညဘက်ဆို လမ်းမပေါ်မှာ ကားကြီးတွေမောင်းတဲ့အသံကြားရင် ထွက်ထွက်ကြည့်ရတယ်။ လာဖမ်းတာဖြစ်နေမှာစိုးလို့။ ဒီပတ်ဝန်းကျင်မှာတော့ အဲလိုလာဖမ်းတယ်လို့တော့ မရှိသေးပါဘူး။ ဒါပေမဲ့ ညဘက်ဆိုရင် ရပ်ကွက်ရဲ့အပြင်ဘက် လမ်းမကြီးဘက်တော့ မထွက်ရဲဘူး” ဟု ပြောသည်။
စစ်ကောင်စီက နည်းမျိုးစုံဖြင့် ပွဲလမ်းများကျင်းပနေသော်လည်း လမ်းမကြီးများကတော့ ခြောက်ကပ် မှောင်မဲနေသည်သာ။ မိန်းကလေးငယ်များ အပါအဝင် လူငယ်လူရွယ်များ ပျောက်ဆုံးသည့်အကြောင်း သတင်းဌာနများတွင် ဖော်ပြနေကြသည်။
သတင်းဌာနတခုက “အဲဒီလို အပြင်းအထန် ဖမ်းဆီးနေတာတွေဟာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာအပြင် ငွေကြေးရယူလိုမှုကြောင့် ပေါ်တာအယောင်ဆောင်ပြီး ပြန်ပေးဆွဲ ငွေကြေးတောင်းခံတဲ့အသွင်ကိုပါ ကူးပြောင်းလာတာ တွေ့ရပါတယ်” ဟု ဆိုသည်။
ထိုသတင်းထဲတွင် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ထမ်းတဦးက “ကျနော်တို့က နယ်မြေခံတွေဆိုတော့ ဘယ်မှာဘာဖြစ်တယ်၊ ဘယ်နှစ်ယောက်ပါသွားတယ် ဆိုတဲ့ သတင်းကြားတာနဲ့ ဒါက ဆိုက်ဝါးတွေပါကွာဆိုပြီး ထင်ခဲ့တာ။ ခုနောက်ပိုင်း ဖမ်းခံရတာတွေ ပြောတဲ့သူတွေ လူပျောက်ကြော်ငြာတွေက ဆက်တိုက်တွေ့လာတော့ ကျနော်တို့လည်း လေ့လာကြည့်တယ်။ တကယ်ဖြစ်နေတာ တွေ့ရတယ်။ ဒါက စစ်သားတွေချည်း လုပ်နေတာကို အများစု တွေ့ရတယ်။ အိမ်တွေ ရပ်ကွက်တွေ ဟိုတယ်တွေမှာဖမ်းရင် အခမ ရော စစ်တပ်ရော ပေါင်းလုပ်တာ။ ပေါ်တာဆွဲတာက ရပ်ကွက်လူကြီးပါရပြီး နေအိမ်ကို ဝင်ခေါ်တာတွေ လုပ်ရတာ။ ထွေအုပ် ပါကိုပါရတယ်။ လမ်းမှာ ပေါ်တာဆွဲတယ်ဆိုတာ ထွေအုပ်မပါဘူးဆိုရင် သက်သက် ခွင်ဖန်လိုက်တယ်။ အကြောင်းရှာဖမ်းမယ်၊ ငွေညှစ်မယ် ဒီလိုတွေကို စစ်တပ်က ခုရက်ပိုင်းမှာ ဆက်တိုက်လုပ်တာ တွေ့ရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ပေါ်တာဆွဲမှုတွေ ပြုလုပ်တဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပါရှိပြီး အုပ်ချုပ်ရေးမှူး မပါဘဲ တပ်ကဖမ်းလာပါက ဒါဟာ ငွေကြေးရလိုမှုအတွက် ဖမ်းဆီးငွေညှစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်’ ဟုလည်း ဖော်ပြထားသည်။
ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက “အမရဲ့ တူလေးတယောက်လည်း ပြန်ပေးဆွဲခံခဲ့ရတယ်။ သိန်း ၂၀ ပေးပြီး ရွေးရတာ။ ဘယ်သူဘယ်ဝါတွေမှန်းတောင် မကြည့်ခဲ့ရပါဘူး။ ကိုယ့်တူလေးပြန်ရတာနဲ့ မြန်မြန်ပဲ လာခဲ့တာ။ အဲဒါမျိုးတွေ တကယ်ဖြစ်နေတာ” ဟု ပြောသည်။
သို့သော် ထိုအဖြစ်ပျက်ကို အကြောင်းကြောင်းကြောင့် လူအများသိအောင် သူတို့မပြောပြခဲ့။ သူတို့လိုဖြစ်စဉ်များ နောက်ထပ်လည်း ရှိနေနိုင်ပြီး သတင်းဌာနများကလည်း ငွေပေးပြီးမှ ပြန်လွတ်လာသည့် အကြောင်းများကို ဖော်ပြထားသည်။
အလားတူ ရဲအယောင်ဆောင်ကာ လမ်းပေါ်သွားလာနေသူများထံက ဖုန်းကိုတောင်းယူ စစ်ဆေးပြီး မသင်္ကာဖွယ်ရာ မတွေ့သော်လည်း VPN ရှိသည်ဟုဆိုကာ ဖုန်းကိုယူသွားသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
ယခုအချိန်တွင် တောကြောင်များက ရောင်တော်ပြန်နှင့် ရောလွှတ်နေကြရာ မိမိဘာသာ ချင့်ချိန် ကာကွယ်ရမည်သာ ဖြစ်သည်။ သတိတမံ ဉာဏ်မြေကတုတ်ဟုသာ ဆိုရပေမည်။
နိုင်ငံအနှံ့ စစ်ရှုံးပြီး လူအင်အားလိုအပ်နေသည့် စစ်တပ်က သူတို့၏ ကြိုတင်ရေးဆွဲထားသော အစီအစဉ်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းသည်။ ဥပဒေအတိုင်းဟု ဆိုသော်လည်း အသက်သွင်းကြောင်း ကြေညာပြီး နောက်ရက်ပိုင်းမှာပင် တချို့မြို့နယ်များ၌ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းလာသည်ကို သတိပြုကြမည်ထင်သည်။ ဥပဒေအတိုင်းဆိုလျှင် ဗဟို၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင် စသည့်အဖွဲ့များပြီးမှ မြို့နယ်အဆင့် ဖွဲ့ရမည်ဖြစ်သော်လည်း လက်တွေ့ လူခေါ်မည့်အဖွဲ့များက ရုတ်ချည်းပေါ်လာခြင်းကပင် ဥပဒေအတိုင်း မဖြစ်နိုင်သည်ကို ပြသနေသည်။ ထင်ရာစိုင်းမည့် လုပ်ရပ်များကို ဥပဒေအမည်အောက်တွင် မလုံ့တလုံ ဖုံးလိုက်သည်သာ။
ရန်ကုန်တိုင်းစစ်ဌာန၊ တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝကလည်း “ရန်ကုန်မှာရှိကြတဲ့ လူငယ် လူရွယ်များ သတိရှိကြပါ။ အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ ပေါ်တာဆွဲတာ များလာပါတယ်။ ဖြစ်ပြီးမှ ဘာမှလုပ်လို့မရပါဘူး။ ကြိုတင်ပြင်ဆင်ထားကြဖို့ အကြံပြုပါတယ်။ ပါသွားမှ ကူပါကယ်ပါထက် ဘာမှလုပ်မရပါဘူး။ ငါတို့က တော်လှန်ရေးနဲ့မဆိုင်ဘူး ဘာညာ Night Out မယ် ဘာညာဆိုလည်း သဘောပါ။ ခြောက်လှန့်လိုခြင်းမရှိပါ။ ငါတို့က ပိုက်ဆံရှိတယ်ဆိုလည်း သဘောပါ။ သိထားတာတွေ မျှဝေပေးတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်း ကျနော်တို့ ဖမ်းမိတာတွေမှာလည်း တပ်သားသစ်က ၈၀% ရှိပါတယ်။ မဖြစ်စေချင်လို့ သတိပေးခြင်းသာဖြစ်ပါတယ်။ အပြစ်တင် Blame ခြင်းမဟုတ်ပါ...” ဟု သူ့ ဖေ့စ်ဘွတ်ခ်မှာ ပြောဆိုထားသည်။
စစ်သားအဖြစ် စုဆောင်းခံရပြီးမှ ထွက်ပြေးလွတ်မြောက်ခြင်း သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးခံရခြင်း ဆိုလျှင်တော့ တော်သေးသည်။ သို့သော် သတင်းများအရ တိုက်ပွဲတွင် သေဆုံးသွားရသူများလည်း ဒုနှင့်ဒေး ရှိနေနိုင်သည်။
စစ်မှုမထမ်းလိုသူများအနေဖြင့် တိမ်းရှောင်လာနိုင်ပြီး တပ်ဖွဲ့တွင်း ဝင်ရောက်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ကြေညာခဲ့သော်လည်း မည်မျှထိရောက်သည်ကို မပြောနိုင်။ သိန်းသန်းချီသည့် လူငယ်များ တောတွင်းသို့ အမှန်တကယ် ရောက်သွားပါက ရိက္ခာဖူလုံရေး အခက်တွေ့ကောင်းလည်း တွေ့နိုင်သည်။
အသက်ဘေးက အရေးကြီးသည် မှန်သော်လည်း လက်တွေ့ စားဝတ်နေရေးနှင့် မိသားစုအရေး၊ အခြားအခက်အခဲများစွာအတွက် လူငယ်များမှာ မြို့ပြတွင်သာ ခိုကပ်နေထိုင်ရဆဲ ဖြစ်သည်။
ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS) ၏ အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ စစ်မှုထမ်း အပတ်စဉ် ၅ အထိ စစ်ကောင်စီက တပ်သားသစ် ၂ သောင်းကျော်ကို အဓမ္မ စုဆောင်းခဲ့သည်ဟု သိရပြီး လက်ရှိတွင် အပတ်စဉ် ၈ အထိ ရှိလာသဖြင့် အဓမ္မစုဆောင်းခံရသူ အနည်းဆုံး ၃ သောင်းကျော်မည်ဟု ခန့်မှန်းရသည်။
“စစ်တပ်ထဲလည်း မဝင်ချင်ပါဘူး။ သူတို့ကို ဘယ်တုန်းကမှ မထောက်ခံဘူး။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တခုခုထဲကို သွားဖို့ကလည်း အဆင်မပြေဘူး။ မိသားစုက ရှိနေသေးတယ်။ ဖြစ်လာမှသာ ရသလို ရှောင်တိမ်းရမှာပဲ” ဟု ရန်ကုန်မြို့နေ လူငယ်တဦးကပြောသည်။
မှောင်မည်းခြောက်ကပ်နေသည့် ညဘက်တွင် တနေရာမှ ကျီးအုပ်ပြိုသည်။ ညမထွက်သည့် ငှက်များ ဖြစ်သော်လည်း အိပ်တန်းတွင် အန္တရာယ်တစုံတရာသော်လည်းကောင်း ကျလာ၍ဖြစ်ပေမည်။
သိုးဖြူ