Home
အာရှဒေသ
ဖိလစ်ပိုင်နိုင်ငံရဲ့ နံရံပျောက်အကျဉ်းစခန်း
DVB
·
October 21, 2014
Philippines_Prison_web_672
ဖိလစ်ပိုင်နိုင်ငံမှာ လူသတ်သမား ဒါမှမဟုတ် မုဒိမ်းသမားတွေကို သေဒဏ်ပေးမယ့်အစား အချို့ကို နံရံတွေ မရှိတဲ့ အကျဉ်းစခန်းကို ပို့ပါတယ်။ အာရှရဲ့တခုတည်းသော ဒီအကျဉ်းစခန်းမှာ အကျဉ်းသား ၃ ထောင်ဟာ ဟတ်တာ ၃ သောင်း ကျယ်ဝန်းတဲ့ ဒီနိုင်ငံရဲ့ အလှဆုံးဒေသတခုမှာ အလုပ်လုပ်ကြရပါတယ်။ ကာလိုမာစီးဒီးဇ်ဟာ တခြားလူများစွာလိုပဲ ဒီရုံးလေးရဲ့ ကွန်ပျူတာနောက်မှာ တနင်္လာနေ့ကနေ သောကြာနေ့ထိ တနေ့ကို ၈ နာရီ အလုပ်လုပ်ရပါတယ်။ ပြီးရင်တော့ သီတင်းပတ်ကုန် အားလပ်ရက်အဖြစ် မိသားစုနဲ့ နေခွင့်ရပါတယ်။ ကာလိုဟာ မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံနေရတဲ့ အကျဉ်းသားတဦးပါ။ သူ့ ရုံးခန်းလေရဲ့ တနေ့တာကို အကျဉ်းသားအမှတ်စဉ်ခေါ်တာနဲ့ အစပြုပါတယ်။ "မနက် ၆ နာရီမှာ အကျဉ်းသား လူစစ်ရတယ်။ ပြီးတော့ ၈ နာရီမှာ ရုံးတက်ဖို့ ပြင်ရတယ်။ နေလည် ၁၂ နာရီမှာ နေ့လယ်စာ စားပြီး ၁ နာရီမှာ ရုံးပြန်တက်ရတယ်။ညနေ ၄ နာရီကျတော့ တခါ လူစစ်ရတယ်။ ပြီးရင်တော့ အိမ်ပြန်ရတယ်" လို့ ကာလိုမာစီးဒီးဇ်က ပြောပါတယ်။ သူကတော့ နံရံတွေ မရှိဘဲ ထူးခြားလှတဲ့ ဒီအကျဉ်းစခန်းက အကျဉ်းသား ၃၀၀၀ ထဲက တယောက်ပါ။ Philippines_Prison_web_672"ကျနော် ဒီအီဝါဟစ်ဂ်အကျဉ်း စခန်းကို ရောက်တာ ၇ နှစ်ရှိပါပြီ။ ဘယ်အချိန် လွတ်မလဲတော့ မသိဘူး။ ၂၀၁၁ ခုနှစ်ကတည်းက အနည်းဆုံးပြစ်ဒဏ်ကို ကျခံခဲ့ပြီးပါပြီ" လို့ ကာလိုမာစီးဒီးဇ်က ဆိုပါတယ်။ ကာလိုဟာ အနည်းဆုံးပြစ်ဒဏ်ကျခံပြီးပြီမို့ လမ်းခုလတ်က အိမ်လေးမှာ ဇနီးရယ်၊ သားသမီး ၃ ယောက်ရယ်နဲ့အတူ နေထိုင်ပါတယ်။ ကလေးတွေက ဒီလေဟာပြင် အကျဉ်းစခန်းထဲက ကျောင်းမှာ တက်ရပါတယ်။ လူသတ်မှု၊ မုဒိမ်းမှုနဲ့ ဆေးရောင်းဝယ်မှုနဲ့ ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ အကျဉ်းသားသစ်တွေဟာ အကျဉ်စခန်းမြေအတွင်း နေ့ဘက်မှာ လွတ်လပ်စွာ အလုပ်လုပ်ရပါတယ်။ ညရောက်မှသာ အချုပ်နဲ့ နေရတာပါ။ "အီဝါဟစ်ကို နံရံမရှိတဲ့ အကျဉ်းစခန်းလို့ ခေါ်ကြတယ်" လို့ ထောင်မှူးကြီး ရစ်ချက်ရှဝါဇခေါ့ဖ်က ပြောပါတယ်။ အီဝါဟစ်ဂ်ဟာ အာရှရဲ့တခုတည်းသော အကျဉ်းစခန်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး နံရံမဲ့အကျဉ်းစခန်းတွေမှာ တခုအပါအ၀င်ဖြစ်တဲ့အတွက် ဂုဏ်ယူတယ်လို့ သူက ပြောပါတယ်။ "သံတိုင်တွေမရှိတဲ့ အကျဉ်းစခန်းဆိုပြီး အီဝါဟစ်ဂ်စခန်း ထူးခြားနေတာက ကျယ်ပြောတဲ့ မြေအနေအထားရယ်၊ သဘာဝပတ်ဝန်းကျင်ရယ်၊ အကျဉ်းသားတွေအပေါ် ဆက်ဆံပုံ ရယ်ကြောင့်ပါ။ သေချာတာတခုက အခြားအကျဉ်းထောင်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ကျနော်တို့ လက်ရှိ သုံးနေတဲ့ အစီအစဉ်တွေကို အသွင်ပြောင်းလို့ ရနိုင်တယ်ဆိုတာပါပဲ။" ဟတ်တာ ၃ ထောင် ကျယ်ဝန်းတဲ့ ဒီအကျဉ်းစခန်းမှာ စပါးစိုက်ခင်း၊ အုန်းစိုက်ခင်း၊ ကြက်ဘဲမွေးမြူရေးခြံနဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ရှိပါတယ်။ ကျွမ်းကျင်မှုအလိုက် အကျဉ်းသားတွေကို စိုက်ပျိုးရေးကနေ ရုံးလုပ်ငန်းထိ အလုပ်တွေ ပေးပါတယ်။ ဒါကြောင့် ဒီစခန်းဟာ ကမ္ဘာလှည့်ခရီးတွေကို စွဲဆောင်ရာနေရာတခု ဖြစ်လာပါတယ်။ အော်လ်ဒရင်ဟာ ပြန်ပြောမပြချင်တဲ့ ပြစ်မှုတခုအတွက် ထောင်ဒဏ်အနှစ် ၂၀ ကျခံနေရသူပါ။ ခုဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကို လက်မှုပစ္စည်းတွေ ရောင်းချပြီး အသက်မွေး နေပါပြီ။ "အီဝါဟစ်ဂ်အကျဉ်းစခန်း၊ အကျဉ်းသား စိုက်/မွေးလုပ်ကွက်နဲ့ သမိုင်းဝင် အဆောက်အဦတွေကို ကြည့်ချင်တဲ့သူရှိရင် အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ ဒီကို အလည်လာပြီး အမှတ်တရပစ္စည်းတွေ ၀ယ်ရင်းနဲ့ ကျနော်တို့ အကျဉ်းသားတွေကို ကူညီ နိုင်ပါတယ်လို့" လို့ အော်လ်ဒရင်က ဆိုပါတယ်။ သူ့ရဲ့ဖောက်သည် ဟော့ဘက်ဂျိမ်းစ်က "ထောင်ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ များသောအားဖြင့် နံရံတွေနောက်က လူတွေကို ပြေးမြင်တတ်ကြပါတယ်။ ဒါကြောင့် အကျဉ်သားတွေကို အပြင်ထုတ်ထားတဲ့ အီဝါဟစ်ဂ်စခန်းဟာ အန္တရာယ်ရှိမှာပဲလို့ ကျနော် တွေးမိခဲ့တယ်။ အန္တရာယ်ပေးမှာ ကြောက်တာပေါ့။ သိတဲ့အတိုင်းပဲ သူတို့က ထောင်ကျ တွေလေ။ ဒါပေမယ့် အခု ကျနော့်အမြင်ပြောင်းသွားပြီ။ ဒီနေရာဟာ အန္တရာယ်ကင်းတယ်" လို့ ပြောပါတယ်။ စပိန်ကိုလိုနီခေတ်အတွင်းက နိုင်ငံရေးသဘောထားကွဲသူတွေကို ဒီဒေသကို နယ်နှင်ဒဏ် ပေးခဲ့ပါတယ်။ အမေရိကန် ကိုလိုနီလက်ထက်မှာ ဒီဒေသဟာ အကျဉ်းစခန်း ဖြစ်လာခဲ့ပါတယ်။ ဒီစခန်းကို လမုတောတွေက ထူထဲစွာ ၀န်းပတ်ထားသလို တောင်တန်းနဲ့ အဝေးပြေး လမ်းမကြီးက ၀ိုင်းရံထားပါတယ်။ ဒီသဘာဝအတားအဆီးတွေကိုက အကျဉ်းသားတွေကို ပြင်ပကမ္ဘာနဲ့ ပိုင်းခြားထားပါတယ်။ ဇာဇက်စက်ဘီဒိုရဲ့အလုပ်ကတော့ အကျဉ်းသားတွေကို စောင့်ကြည့်ရတဲ့ ထောင်ကြပ်အလုပ် ဖြစ်ပါတယ်။ ၁ နှစ်ကို အကျဉ်းသား ၄၊ ၅ ဦးလောက် ထွက်ပြေးတာမျိုးရှိတယ်လို့ ဆိုပါတယ်။ "အကျဉ်းသားအများကြီး ထိန်းဖို့က မလွယ်ဘူး။ ဒါပေမယ့် ထောင်ကြပ်အရေအတွက်ကို ထပ်မြှင့်ထားတယ်။ လုံခြုံရေး အစီအမံသစ်တွေလည်း ထပ်လုပ်ထားတယ်။ ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အရှိန်မြှင့်ပြီး ဆောင်ရွက်နေပြီ။ ဒါတွေက အကျဉ်းသားတွေကို ဘ၀အမြင် ကြည်လင်စေပြီး ထွက်ပြေးဖို့ မစဉ်းစားအောင် ထောက်ကူပေးမှာပါ" လို့ ဇာဇက်စက်ဘီဒိုက ဆိုပါတယ်။ သူနဲ့ အခြားထောင်ကြပ်တွေဟာ ဒီမှာပဲနေထိုင်ကြတယ်လို့ ဇာဇက်စက်ဘီဒိုက ပြောပါတယ်။ "ဒီမှာ ကျနော်တို့ကို မိသားစုနဲ့ အတူနေနိုင်အောင် အိမ်ဆောက်ဖို့ မြေကွက်ချပေးပါတယ်။ ဒါကတော့ အကျဉ်းဦးစီးဌာနရဲ့ ဗျူဟာတခုပေါ့။ အကျဉ်းသားထွက်ပြေးတာမျိုးတွေ ဖြစ်တဲ့အခါ ၀န်ထမ်းတွေ အနီးအနားမှာ ရှိနေအောင်လို့ပါ။" ထောင်ပြေးတွေကို လွယ်လွယ်နဲ့ ဖမ်းမိတာများတယ်လို့ ထောင်မှူးကြီးရစ်ချက်ရှဝါဇခေါ့ဖ် က ပြောပါတယ်။ သူက အကျဉ်းသားထွက်ပြေးတာ မကြိုက်ပေးမယ့် နံရံတွေကာရမယ့်အစား အကျဉ်းသားတွေ ဒီမှာ နေချင်လာအောင်ပဲ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ "အခုလက်ရှိ အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ အကျဉ်းသားတွေအတွက် အခြေခံပညာနဲ့ စက်မှုသက်မွေးပညာတွေ၊ စာရိတ္တနဲ့ ဘာသာရေး သင်ခန်းစာတွေ၊ အားကစားနဲ့ အပန်းဖြေမှုတွေ၊ အမူအကျင့်ပိုင်းဆိုင်ရာ ထိန်းကျောင်းမြှင့်တင်မှုတွေ၊ ကျန်းမာရေးနဲ့လူမှုရေး၊ အလုပ်အကိုင်နဲ့ သက်မွေးမှု အစီအစဉ်တွေ ဖြစ်ပါတယ်" လို့ ရစ်ချက်ရှဝါဇခေါ့ဖ်က ဆိုပါတယ်။ ရုံးခန်းထဲက ကွန်ပျူတာပေါ်မှာ ဖိုင်တခုကို ဖြည်နေတဲ့ ကာလိုမာစီးဒီးဇ်က သူတောင့်တခဲ့ရတဲ့ နံရံမဲ့အကျဉ်းစခန်းအပြင်ဘက်က မိသားစုနဲ့ အတူနေရတဲ့ဘ၀ကို ခုထိ ရနေဆဲမို့ သိပ်ကံကောင်းတယ်လို့ ဆိုပါတယ်။ "မိသားစုနဲ့ အတူနေရတဲ့ အကျဉ်းသားအနေနဲ့ ကျနော်ပျော်ပါတယ်။ ဒါပေမယ့် ကိုယ်က အကျဉ်းသားဆိုတော့ အပြင်လူတွေလောက်တော့ မပျော်ရဘူးပေါ့ဗျာ။" အီဝါဟစ်ဂ်အကျဉ်းစခန်းက လွှတ်ပေးလိုက်တဲ့ ထောင်ကျတွေထဲမှာ ပြစ်မှုဟောင်းကို ပြန်ကျူးလွန်တဲ့သူ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ထောင်မှူးကြီး ရစ်ချက်ရှဝါဇခေါ့ဖ်က ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံး အတိုင်းအတာထက် နည်းပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ထောင်အများစုမှာ အကြမ်းဖက်မှုတွေနဲ့ လေကောင်း လေသန့်မရတဲ့ ၀က်သိုက်လို အခန်းတွေမှာ အကျဉ်းသားတွေ ကျပ်ညှပ်အောင်နေရတာတွေနဲ့ အလှည့်ကျ အိပ်စက်ရတာတွေ ရှိနေပါတယ်။ အာရှဒေသအစီအစဉ်အတွက် အေရီယယ်ကာလို့စ်အတူ ဂျိုဖဲလီတက်ဆိုရီယိုက ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ကျွန်းကနေ သတင်းပေးပို့ထားတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013