၁၅ နှစ်ကြာ ရပ်တည်ခဲ့တဲ့ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းဟာ ဆက်လက်ရပ်တည်ဖို့ခက်ခဲလာတာကြောင့် မကြာခင် ပိတ်သိမ်းတော့မှာ ဖြစ်ပြီး ဒါဟာ အင်းလေးအတွက် အစိတ်အပိုင်းတခု ဆုံးရှုံးလိုက်ရသလိုပဲလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း အင်းလေးကန်ထဲက အင်းပေါခုံရွာထဲမှာ ဖွင့်လှစ်ထားတဲ့ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းဟာ ၁၅ နှစ်ကြာ ရပ်တည်ခဲ့ပြီးနောက် ဆက်လက် ရပ်တည်ဖို့အခက်အခဲတွေ ရှိလာတာကြောင့် ဒီဇင်ဘာ ၃၁ ရက် စတင်ပြီး အပြီးသတ်ရပ်နားတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။
၁၅ နှစ်တိုင် ရပ်တည်ခဲ့တဲ့ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းဟာ အင်းလေးရဲ့ ဒေသတွင်းပုံရိပ်ကို မြှင့်တင်ပေးနေတဲ့ နေရာတခုလို့ အင်းလေးဒေသခံ ဦးအောင်မိုးဟိန်းက ပြောပါတယ်။
“အင်းလေး ဒေသအတွက်တင်ပဲ မဟုတ်ဘူးပေါ့နော်။ နိုင်ငံအနှံ့က ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပညာသင်ခွင့်ပေးတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ အင်းလေး ဒေသခံတွေအတွက် နှီး၊ ဝါး၊ ချည် လက်မှု အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထောက်ပံ့ကူညီနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ခရီးသွားလာရေးမှာဆိုရင်လည်း အင်းလေးရဲ့ ဒေသတွင်းပုံရိပ်ကို မြှင့်တင်ပေးနေတဲ့ နေရာတခုလည်းဖြစ်ပါတယ်။”
အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းကနေ ဟိုတယ်သက်မွေးမှု သင်တန်းကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး ဒေသခံ လူငယ် ၃၆၆ ယောက်အထိ သင်ကြားပေးနိုင်ခဲ့ပါတယ်။
အင်းလေးဒေသခံ လူငယ်တယောက်က “အင်းလေး အမွေအနှစ်ကို ထိန်းသိမ်း ထုတ်ဖော်ဖို့အတွက် အစုအဖွဲ့တခု လျော့ကျသွားတယ်ပေါ့။ အဲ့ဒီရဲ့ အကျိုးဆက်အနေနဲ့ကျတော့ အင်းလေးဒေသမှာ အများကြီး ရှိနိုင်တယ်။ အင်းလေးမှာရှိတဲ့ လူငယ်တွေ အခွင့်အလမ်းတွေ အများကြီး လျော့ပါးသွားမယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်အတွက် အသံထွက်နေတဲ့ အထူးသဖြင့် မျိုးရင်းတွေပေါ့၊ ဗမာကြောင်မျိုးရင်းတွေကို ထိန်းသိမ်းနေတဲ့ အဖွဲ့တခု လျော့နည်းသွားတဲ့ဟာတွေ ဖြစ်မယ်ပေါ့။ ဒါကတော့ အင်းလေးအတွက်ဆိုရင် အစိတ်အပိုင်းတခု ဆုံးရှုံးလိုက်ရသလိုမျိုးတော့ ဖြစ်ပါတယ်။”
အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို ပိတ်သိမ်းရတာဟာ ဖြေရှင်းဖို့ခက်ခဲတဲ့ တွန်းအားတွေကြောင့်ဖြစ်သလို လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရဲ့ အကျပ်အတည်း၊ ကိုဗစ်ကပ်ရောဂါနောက်ဆက်တွဲ အဆင်မပြေမှုတွေ အားလုံးပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
အင်းလေးဒေသခံ ဦးအောင်မိုးဟိန်းက “ကြောင်တွေအတွက် အိမ်လေးတွေနဲ့ သီးသန့်ထားလို့ ကြောင်ရွာလေးလို့ အများသိတဲ့ နေရာလေးက အထဲမှာ ဒေသတွင်း မျိုးစိတ် ငါးတွေကိုလည်း ပြတိုက်လေးတခုလို ထားပြီးတော့ ငါးပြတိုက်လေးလို နေရာလေးလည်း ရှိပါတယ်။ နောက်ပြီးတော့ ဒေသအတွက် နစ်နာဆုံးရှုံးမှု တခုဖြစ်တယ်။ ဒါကြောင့်မို့လို့ အခြေအနေတွေ ပြန်ကောင်းလာမယ်၊ ပြန်တည်ငြိမ်လာမယ်ဆိုရင် ပြည်တွင်းပြည်ပ အကူအညီတွေနဲ့ အင်းလေးအမွေအနှစ် ဒီနေရာလေးကို အစက ပြန်ပြီး စတင်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းလုပ်ငန်းကို ၂၀၀၈ ခုနှစ်မှာ China Exploration and Research Society (CERS) အဖွဲ့အစည်းရဲ့ ကမကထပြုမှုနဲ့ မြန်မာနိုင်ငံမှာ မတွေ့ရတော့တဲ့ မြန်မာ့မျိုးရင်း ဗမာကြောင်ကို မြန်မာနိုင်ငံမှာ ပြန်လည်ရောက်ရှိစေဖို့၊ အများသူငါ လေ့လာသိရှိစေဖို့ ရည်ရွယ်ပြီး ပြန်လည်ခေါ်ဆောင်လာခြင်းကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
မြတ်သဇင်