Home
အာရှဒေသ
သေဒဏ်ပေးတယ်ဆိုတာ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှရဲ့လား
DVB
·
October 19, 2014
Indonesia_Death_Penalty_web_672
ဒီသီတင်းပတ်အကုန်ဟာ ကွတ်တာက လူ ၂၀၀ ကျော် သေဆုံးစေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီဗုံးပေါက်ကွဲမှုရဲ့ ၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သလို သေဒဏ်ဆန့်ကျင့်ရေးနေ့လည်း ဖြစ်ပါတယ်။ ဘာလီဗုံးပေါက်ကွဲမှုအတွက် အပြစ်ရှိသူတွေကို သေဒဏ်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ယှဉ်ရင် သမိုင်းကြောင်းအရ အင်ဒိုနီးရှားတရားသူကြီးတွေဟာ သေဒဏ်ပေးတာ ရှားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေအတွင်း သေဒဏ်ပေးတဲ့အရေအတွက်က တိုးမြင့်လာခဲ့ပါတယ်။ ဒါကြောင့် အကြမ်းဖက်သမားတွေကို သတ်ပစ်တာဟာ အကြမ်းဖက်မှုကို အဆုံးသတ်စေမယ့် အကောင်းဆုံးနည်းလမ်းလားလို့ အင်ဒိုနီးရှားနိုင်ငံမှာ အခြေအတင်ငြင်းခုံဆွေးနွေးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ Indonesia_Death_Penalty_web_672လက်နက်ကိုင်အစောင့်တွေဟာ အမျိုးသား ၃ ဦးကို ပရိသတ်ရဲ့ရှေ့မှာ ဒူးထောက်ခိုင်းပါတယ်။ ခေါင်းစွပ်မျက်နှာဖုံးတွေ မစွပ်ပေးခင်မှာ သူတို့က "ကျနော်တို့က ဘာကြောင့် သေရမှာလဲလို့" အော်ဟစ်နေကြပါတယ်။ အဲအချိန်မှာ အစောင့်တွေက ရှေ့တက်လာပြီး ဒီအမျိုးသားသုံးယောက်ကို ပစ်သတ်လိုက်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေက ပရိသတ်ဘက်ကိုလှည့်ပြီး "သေဒဏ်ကို ဖျက်သိမ်းပေးပါ" လို့ တိုင်ပေးလိုက်ပါတယ်။ ဒီနိုင်ငံရေးပြဇာတ်ကို ဂျကာတာမြို့လယ်က ယဉ်ကျေးမှုအချက်အချာဖြစ်တဲ့ တာမန် အစ်ဇမေလ်မာဇူကီက ကားရပ်နားကွင်းမှာ နိုင်ငံတကာ သေဒဏ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကပြခဲ့ပါတယ်။ “ကျနော်တို့အတွက်တော့ သေဒဏ်ဆိုတာ တရားမျှတမှုဆိတ်သုဉ်းခြင်းပဲ။ သေဒဏ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရော၊ အခြေခံလူ့အခွင့်အရေးကိုပါ ဆန့်ကျင်တယ်။ အင်ဒိုနီးရှားနိုင်ငံမှာ တရားစီရင်ရေး စနစ်က ခုလိုခြစားပြီး အလွဲသုံးစားလုပ်ခွင့်ပေးနေသမျှ လူတွေကျူးလွန်တဲ့ အမှားဟာ သေးစားသေစေ ပြစ်ဒဏ်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးနေဦးမှာပါပဲ” လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ အုစမန်က ပြောပါတယ်။ အုစမန်ဟာ ဒီအဖြစ်အပျက်ရဲ့နောက်ကွယ်က ကွန်ထရာအင်အားစု ခေါင်းဆောင်ဟောင်း တဦးဖြစ်ပါတယ်။ သူတို့ဒီမှာရောက်နေရတာက ၂၀၀၆ ခုနှစ်က ကက်သလစ် ဘာသာဝင်အမျိုးသား ၃ ဦးကို ကွပ်မျက်ခဲ့တဲ့ အငြင်းပွားဖွယ်ရာ သေဒဏ်စီရင်မှုကြောင့်ဖြစ်ပါတယ်။ ဆူလာဝေဆီကျွန်းမှာဖြစ်ပွားခဲ့တဲ့ ခရစ်ယာန်နဲ့ မွတ်ဆလင်အုပ်စုကြား အကြမ်းဖက်အထိကရုဏ်း ဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့အတွက် သူတို့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ လူသုံးဦးကို သေဒဏ်ပေးလိုက်ရာကနေ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ လူထုအုံကြွမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒီသုံးယောက်ဟာ ကြားချောင်ခံလိုက်ရသူတွေဖြစ်ပြီး စွဲချက်တင်တဲ့ အထောက်အထားတွေက မေးခွန်းထုတ်စရာဖြစ်နေတယ်ဆိုပြီး အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။ ပျောက်ဆုံးသွား သူများ၏ ကျန်ရစ်သူမိသားစုအသင်းကို ခေါင်းဆောင်နေသူ မူဂီယန်တိုက "ဒီလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ အဲဒီ ၃ ယောက် ပါရင်လည်းပါမှာပေါ့။ သေချာတာတခုက ဆူလာဝေဆီကျွန်းမှာ ဖြစ်ပျက်ခဲ့သမျှအတွက် ပိုပြီးသြဇာရှိတဲ့ ပိုပြီးတာဝန်ရှိတဲ့ သူတယောက်ယောက် ပါခဲ့ပါလိမ့်မယ်။ ဒီ ၃ ယောက်က ဓားစာခံဖြစ်သွားတာပါ။ အင်ဒိုနီးရှားနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ခုထိကို တလွဲဆုံးဖြတ်ချက်တွေ ချနေတုန်းပဲလို့ ယူဆရပါတယ်" လို့  ပြောပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက အင်ဒိုနီးရှားနိုင်ငံဟာ သေဒဏ်ကိုပြဌာန်းခဲ့ပေမယ့် တရားသူကြီးတွေဟာ သေဒဏ်ပေးခဲ့ပါတယ်။ များသောအားဖြင့် မူးယစ်ဆေးမှောင်ခိုမှုနဲ့ ကြံရွယ်ချက်ပါတဲ့ လူသတ်မှုတွေမှာသာ သေဒဏ်ပေးတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သေဒဏ်ကျခံနိုင်တဲ့ ပြစ်မှု အမျိုးအစားတွေ တိုးလာပြီး စီးပွားရေးအကျပ်ဆိုက်နေချိန်မှာတောင် ခြစားမှုနဲ့အကြမ်းဖက်မှုကိုပါ ထည့်သွင်းခဲ့ပါတယ်။ ဒါဟာ သေဒဏ်ကျခံရသူအရေအတွက် ကြောက်ခမန်းလိလိတိုးလာတယ် ဆိုတဲ့သဘောပါ။ ဂျကာတာက လူထုဆန္ဒဖော်ထုတ်ပွဲတစ်ခုမှာ ပါဝင်သူတစ်ဦးက ၂၀၀၃ ခုနှစ်က ဘာလီဗုံးဖောက်ခွဲမှုမှာ သေဆုံးခဲ့တဲ့ သားဖြစ်သူရဲ့ဖခင် သြစတြေးလျလူမျိုး ဘရိုင်ယန်ဒီဂန်ရဲ့စာကို ဖတ်ပြနေပါတယ်။ "ဗုံးဖောက်ခွဲတယ်ဆိုတဲ့စွဲချက်နဲ့ ဒီလူတွေကို သတ်လိုက်လည်း ကျနော့်သားကို ပြန်မရနိုင်တော့သလို ထိခိုက်သွားတဲ့ ကျနော့်နှလုံးအိမ်က ဒဏ်ရာကို ကျက်သွားစေမှာမဟုတ်ပါဘူး။" "ဘာလီဗုံးဖောက်ခွဲမှုကို ကျနော်တို့ ရှုတ်ချပါတယ်။ သက်ဆိုင်သူတွေကို တရားခွင်ပို့ဖို့ကိုလည်း တောင်းဆိုပါတယ်။ ဒါပေမယ့် သေဒဏ်ပေးရုံနဲ့တော့ အကြမ်းဖက်မှုကိုဟန့်ဖို့ ထိရောက်မှာမဟုတ် ပါဘူး" လို့ အုစမန်က ဆိုပါတယ်။ အင်ဒိုနီးရှားအများစုကတော့ အုစမန်ဟာမစ်ရဲ့အဆိုကို လက်မခံပါဘူး။ ဆန္ဒဖော်ထုတ်ပွဲကို စိတ်ဝင်တစားကြည့်နေတဲ့ အမျိုးသမီးတဦးက "ပြစ်မှုနဲ့ပြစ်ဒဏ်မျှဖို့လိုပါတယ်။ ကျမကတော့ ဘာလီမှာ တကယ်ဗုံးခွဲခဲ့သူတွေကို သေဒဏ်ပေးသင့်တယ်လို့ ယူဆပါတယ်။ လူအများကြီးကို သူတို့သတ်ပစ်လိုက်တာပဲ" လို့ ပြောပါတယ်။ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆောင်ရွက်ချက်တွေက ဆန္ဒပြပွဲ အနီးမှာ ရှိနေတဲ့ ဘာဂျက်ယာဉ်မောင်း ၂ ဦးရဲ့အမြင်ကို ပြောင်းမပစ်နိုင်ပါဘူး။ "မူးယစ်မှောင်ခိုကူးတဲ့သူတွေကို သတ်ပစ်သင့်တယ်။ လူညွန့်တုံးမယ့် ဆေးတွေကို သယ်တာကိုး။ သတ်ပစ်သင့်တာပေါ့" လို့ ကားဆရာကပြောပါတယ်။ "မူးယစ်ဆေးမှောင်ခိုသမားဟာ လူငယ်တွေရဲ့ဘ၀တွေ အနာဂတ်မျိုးဆက်တွေကို ဖျက်ဆီးတဲ့အတွက် အပြစ်ရှိတယ်။ ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ရမယ်။ သေဒဏ်ချရမယ်" လို့ ဒုတိယကားဆရာက ဆိုပါတယ်။ သေဒဏ်ကို နိုင်ငံရေးအရထောက်ခံမှုဟာ အားကောင်းနေဆဲပါ။ နိုင်ငံရေးအရ ထောက်ခံမှုမရဘဲနဲ့ ဒီစနစ်ကို ဖျက်သိမ်းမယ့် ဒီလူထုတိုက်ပွဲဟာ ရေးဆန်ခရီးကြမ်းကို နှင်နေရဦးမှာဖြစ်ပါတယ်။ အေးရှားကောလင်း အစီအစဉ်အတွက် ဂျကာတာမှရေဘက်ကာ ဟန့်ခ်ျကယ်က သတင်းပေးပို့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013