လေကြောင်းအန္တရာယ်ကြောင့် ပိတ်ထားတဲ့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့က သံရုံးကို နိုဝင်ဘာ ၂၀ ရက်က ပြန်ဖွင့်ခဲ့ကြောင်း အမေရိကန်က ပြောခဲ့ပါတယ်။
ယူကရိန်းက ရုရားကို အမေရိကန်ဒုံးကျည်တွေသုံးပြီး တိုက်ခိုက်ခဲ့ပြီးနောက် တရက်အကြာမှာပဲ ကိယက်ဗ်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ပြန်ဖွင့်ခဲ့တာပါ။
အမေရိကန်ဒုံးကျည်တွေ အသုံးပြုတာက ရက် ၁,၀၀၀ ကြာပြီဖြစ်တဲ့ စစ်ပွဲကို ပိုပြီး အရှိန်မြင့်စေကြောင်း ရုရှားက ပြောပါတယ်။
“ကိယက်ဗ်မှာ အမေရိကန်သံရုံးကို ယာယီပိတ်ထားတာကနေ ပြန်ဖွင့်မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ နိုးနိုးကြားကြားရှိဖို့နဲ့ ယူကရိန်းရဲ့ သတင်းတွေကို စောင့်ကြည့်ဖို့ လှုံ့ဆော်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေရှိပါက အကာအကွယ်တွေအောက်မှာ ပုန်းဖို့ ပြင်ဆင်ဖို့လည်း ပြောထားပါတယ်” လို့ အမေရိကန် သံအမတ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြပါတယ်။
ကိယက်ဗ်မှာ သံရုံးပြန်ဖွင့်ပြီး ပုံမှန်လုပ်ဆောင်ချက်တွေကို ကြာသပတေးနေ့မှာ ပြုလုပ်မယ်လို့ မျှော်လင့်ထားကြောင်း အစောပိုင်းကတည်းက အမေရိကန်က ပြောဆိုထားပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီတလီနဲ့ ဂရိသံရုံးတို့ကလည်း ပိတ်ထားခဲ့ပြီး ပြင်သစ်သံရုံးသာ ဆက်လက်ဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ ပြင်းထန်ပြီး ဒုက္ခပေးနိုင်တဲ့ တိုက်ခိုက်မှုတွေကို မိမိတို့ ကြာရှည်တောင့်ခံခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေကို အမြဲတမ်း အလေးပေးဖို့ အရေးကြီးကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ဒီနေ့မနက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါ့အပြင် ဇလန်းစကီးက အမေရိကန်စစ်တပ်ရဲ့ ဒေါ်လာ ၂၇၅ သန်းတန် ဒရုန်း၊ ဒုံးကျည်နဲ့ ကျည်ဆန်တွေ အကူအညီပေးမှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Source : Reuters