Home
မြန်မာသတင်း
MNDAA ခေါင်းဆောင် ယူနန်တွင် ဆေးကုသနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော 
DVB
·
November 19, 2024
ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ဟာ မြန်မာ - တရုတ်နယ်စပ်မြို့ ယူနန်မှာ ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖုန်တာရွှင်က ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် တရုတ်ဘက်ကို လာရောက်ခွင့်ပြုခဲ့တာဖြစ်ပြီး ဆေးကုသခံယူအပြီး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့် လင်ကျန့် (Lin Jian) က ဆိုပါတယ်။

ဖုန်တာရွှင်ရဲ့ အခြေအနေ အသေးစိတ်နဲ့ ဘယ်နေရာမှာရှိတယ်ဆိုတာကိုတော့ ဖြေကြားခဲ့တာမရှိပါဘူး။

MNDAA တပ် ခေါင်းဆောင် ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းထွက်လာပြီး မကြာခင်မှာပဲ တရုတ်ဘက်က သတင်းစာရှင်းလင်းပွဲပြုလုပ် ဖြေကြားခဲ့တာပါ။

နယ်စပ်ဒေသမြို့တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်အခတ်ရပ်စဲပြီး စေ့စပ်ညှိနှိုင်းဖို့ တရုတ်ဘက်က ဖိအားပေးနေချိန်မှာပဲ ကိုးကန့်တပ်ခေါင်းဆောင် ထိန်းသိမ်းခံလိုက်ရတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက တရုတ်အစိုးရအထူးကိုယ်စားလှယ် တိန့်ရှိကျွင်းက ဝခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ MNDAA အဖွဲ့အနေနဲ့ လားရှိုးမြို့က ဆုတ်ခွာပေးဖို့နဲ မလိုက်နာရင် အရေးယူမယ်လို့ သတိပေးခဲ့ကြောင်းလည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

MNDAA တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်အစိုးရဘက်က လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်ဆုတ်ပေးဖို့ အမျိုးမျိုး ဖိအားပေးနေတာ ဖြစ်ပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်မြန်မာ နယ်စပ်က အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်တွေရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်၊ ပန်ဆိုင်း၊ မုံးကိုမြို့တွေ အပါအဝင် စစ်ကောင်စီရဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့တို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024