မူဆယ်မှာတော့ အရင်တုန်းကနဲ့ မတူတော့ဘူး။ ခါတိုင်း ပစ္စည်းစုံစုံလင်လင် ရောင်းတဲ့ဆိုင် တော်တော်များများ ပိတ်ကုန်ပြီ။ ပြန်ပေးဆွဲ၊ ခိုးဆိုးလုနှိုက် ဓားပြတိုက်တာတွေကြောင့် ကုန်စုံဆိုင်တွေ၊ ဖုန်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ကား အပိုပစ္စည်းဆိုင်တွေ၊ ခါတိုင်း ဝယ်နေကျ ကုန်စုံဆိုင်လည်း တော်တော်များများ ပိတ်သွားတာကို တွေ့ရပါတယ်။
လူအသွားအလာလည်း အရင် အာဏာမသိမ်းခင်ကလိုမျိုး မစည်တော့ပါ။ ညဈေးလည်း အရင်ကဆိုရင် ည ၁၀ နာရီလောက်ထိ ဖွင့်ပေမဲ့ အခုတော့ ညနေ ၅ နာရီကျော်လောက်ဆိုရင် သိမ်းကုန်ကြပြီ။ မနက်ပိုင်းမှာလည်း ဟိုးအရင်တုန်းကဆိုရင် မနက် ၃ နာရီခွဲလောက်ကတည်းက ဈေးသည်တွေ ဆူဆူညံညံ စည်စည်ကားကား ရှိတာ။ အခုတော့ မနက် ၇ နာရီ၊ ၈ နာရီလောက်မှပဲ ဆိုင်ဖွင့်တဲ့သူတွေ ဖွင့်၊ တရုတ်ငွေနဲ့ မြန်မာငွေ လဲလှယ်တဲ့လူတွေလည်း မနက်အစော မလာတော့။ ညနေပိုင်းလည်း စောစောစီးစီး သိမ်းကြတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်က ကျနော် ဖုန်းဆိုင်တဆိုင်မှာ ဖုန်း ခဏဝင်ပြင်ရင်း အရောင်းဝန်ထမ်း တယောက်နဲ့ စကားပြောရင်း “ညီမတို့ဆိုင်မှာ ဖုန်း အရမ်းရောင်းကောင်းတာပဲနော်” လို့ ကျနော် ပြောလိုက်တော့ သူက “ညီမတို့ဆိုင်မှာက ဖုန်း အလုခံရလို့ လာဝယ်တဲ့သူတွေပဲ များတယ်” လို့ ပြောပြတော့ အံ့ဩမိသွားတယ်။
ဖုန်းဆိုင်ထဲ ကြည့်လိုက်တော့လည်း အရင်တုန်းကလို ဖုန်းတွေ များများစားစား ခင်းထားတာမျိုး မတွေ့ရပါ။ ဈေးဝယ်တွေကို ပြပေးဖို့ အမျိုးအစား တမျိုးကို တလုံးလောက်သာ ခင်းတာတာကို တွေ့ရတယ်။ တကယ်ယူမယ့်သူ အရောင်ရွေးမှပဲ စတိုခန်းထဲက ထုတ်လာပေးတာ တွေ့ရတယ်။
အဲဒီလို အရောင်းဝန်ထမ်းနဲ့ စကားပြောနေချိန်မှာပဲ အမျိုးသမီး တယောက် ဝင်လာပြီးတော့ “ညီမ MPT ဖုန်းကတ် ပိတ်ပေးလို့ ရလား။ အခုဏလေးတင် ဖုန်းအလုခံရလို့ပါ။ အဲဒီ ဖုန်းကတ်နဲ့ ဘဏ်အကောင့်တွေရော Kpay တွေရော ဖွင့်ထားလို့ပါ” တဲ့။ အရောင်းဝန်ထမ်းကတော့ MPT ဖုန်းရုံး ညနေ ၂ နာရီထိဖွင့်ကြောင်းနဲ့ MPT ဖုန်းရုံးကိုသွားဖို့ ညွှန်းလိုက်တယ်။
မူဆယ်မြို့ပေါ်မှာတော့ နေ့လယ် နေ့ခင်းတွေပါ နေ့တိုင်းနီးပါး လုယက်မှုတွေ မကြာခဏ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မူဆယ်မှာက ဆိုင်ကယ်နဲ့ ကျောင်းသွားတဲ့ ကလေးတွေကိုတောင် ရိုက်နှက်ပြီး ဆိုင်ကယ် လုယက် ဓားပြတိုက်လာနေတာကြောင့် ကျောင်းသွား၊ ကျောင်းပြန် ကလေးတွေအတွက် စိုးရိမ်ပူပင် စိတ်သောက ရောက်နေရတယ်လို့ မူဆယ် ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့တုန်းကလည်း မူဆယ်မြို့ ကျယ်ဂေါင်နယ်စပ်နားက Twins Star ဟိုတယ်အနီးမှာ ကျောင်းသွားတဲ့ ကလေးကို ဆိုင်ကယ် ဓားပြတိုက်တာ ကလေးကို သွေးတွေနဲ့ တွေ့ခဲ့ရတယ်လို့ မူဆယ် ဒေသခံ အမျိုးသမီးကြီးတယောက်က ပြောပါတယ်။
“အခု မူဆယ်မှာက တရုတ်ရော၊ ကချင်ရော၊ ပလောင်ရော၊ ရှမ်းရော မူးယစ်ဆေးဝါး သုံးတတ်တဲ့ သူတွေချည်းပဲ။ ဆေးကြောင်တဲ့သူတွေ ပေါတယ်။ ဘယ်သွားသွား ကြောက်နေရတယ်။ အဘိုးကြီး၊ အဘွားကြီးတွေ သွားလာတာတောင် ဆွဲခေါ်ပြီး ပြန်ပေးဆွဲသွားတယ်။ မူဆယ်မှာက ဒုစရိုက်မြို့ ဖြစ်သွားပြီ” လို့ သူက ပြောပါတယ်။
မူဆယ်မှာက ကျားဖြန့် (အွန်လိုင်း ငွေလိမ်လုပ်ငန်း) တွေလည်း အရမ်းလုပ်နေသေးပြီး ဌာနဆိုင်ရာ ပေါင်းစုံက လူကြီးတွေကို ကျားဖြန့်ကုမ္ပဏီက ကျွေးထားတဲ့သဘော တွေ့ရပြီး ပြည်သူ့စစ်တွေကလည်း ကျားဖြန့် ဖွင့်ပြီး စားနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
ခရိုနီ အကြီးစားတွေက မူဆယ်မှာ မနေတော့ဘဲ သူတို့ရဲ့ အောက်က တပည့်တပန်းတွေပဲ ကျားဖြန့်၊ လောင်းကစားတွေ ဖွင့်စားပြီး ဖရိုဖရဲ ကိုးရိုးကားရား၊ မိန်းကလေးတွေလည်း အဲဒီ ကျားဖြန့်လုပ်ငန်းတွေမှာ ဘဝပျက်ရသလို ယောက်ျားလေးတွေလည်း အဲဒီမှာ ပျက်ကုန်ကြတယ်လို့ သူက ပြောပြပါတယ်။
မူဆယ်ခရိုင် ဒေသခံတွေက နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီရှိတာကြောင့် အသက် ၆၅ နဲ့ အထက် လူကြီးတွေဟာ မူဆယ်ကနေ ကျယ်ဂေါင်နယ်စပ်ကို လက်တဆွဲစာ ပစ္စည်းလေးတွေနဲ့ ဆေးလိပ် ၂ တောင့် သွားပို့ပြီး ဝင်ငွေရှာကြပါတယ်။
အဲဒီလို ကျယ်ဂေါင်ဘက် ပစ္စည်းသွားပို့ကြတဲ့ သက်ကြီးပိုင်းတွေကတော့ အများစုက ကျန်းမာရေးလည်း ရတယ်ဆိုပြီး အသွားအပြန် လမ်းလျှောက်ကြတာ များပါတယ်။ ကျယ်ဂေါင် ကနေ အပြန်လမ်းမှာ အိတ်လု၊ ဓားပြတိုက်ခံရလို့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်တွေပါ ပါသွားလို့ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့သူတွေလည်း အများကြီးရှိတာကို တွေ့ရပါတယ်။
အသက် ၇၀ ကျော် အရွယ် အဘွားအိုတယောက်က“ကျယ်ဂေါင်ကနေ ပြန်လာတော့ လွယ်အိတ်ကလေးလို့ လွယ်အိတ်ကြိုး ခေါင်းပေါ်တင်ပြီး သူငယ်ချင်းနဲ့ စကားတပြောပြော လမ်းလျှောက်လာတာ ဆိုင်ကယ်နဲ့ ယောက်ျားလေး ၂ ယောက် ဖြတ်လာပြီး လွယ်အိတ် လုသွားတယ်။ လွယ်အိတ်ထဲမှာ တနေ့ နည်းနည်း ရလာတဲ့ ပိုက်ဆံရော၊ ဖုန်းရော၊ မှတ်ပုံတင်ရော၊ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရော ပါသွားတယ်” လို့ ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ပြန်လျှောက်ဖို့ ရဲစခန်းမှာ သွားပြောတော့ လုယက်ခံရတယ်လို့ မပြောခိုင်းဘဲ ပျောက်ဆုံးတယ်လို့သာ ပြောရမယ်လို့ ပြောတယ်လို့ သူက ပြောပါတယ်။
သူ့ရဲ့ အိမ်နီးနားမှာလည်း ဆိုင်ကယ်ရပ်ပြီး အိမ်ဝင်းတံခါး သော့ဖွင့်နေချိန် လူ ၂ ယောက်က သေနတ်ထောက် ဆိုင်ကယ်လုသွားတာ ရှိပြီး တခြား အသိအိမ်တအိမ်မှာလည်း လူတစုက ခြိမ်းခြောက်ကာ ရှိသမျှ ငွေတွေ ဓားပြတိုက်သွားတယ်လို့ သူက ပြောပါတယ်။
“မူဆယ်မှာက နေချင် စရာမကောင်းတော့ဘူး။ မလုံခြုံတော့ဘူး” လို့ သူက ပြောပါတယ်။
အရင်တုန်းက စီးပွားရှာရ အရမ်းကောင်းတဲ့ မူဆယ်ဟာ အခုဆိုရင် လူသတ်မှု၊ အိမ်ဖောက် ခိုးယူမှု၊ လုယက်မှု၊ လိမ်လည်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေ နေ့စဉ်နဲ့အမျှ ကြားနေရတယ်လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေတွေ ပြောင်းလဲသွားရတာဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ပေးဆွဲ ဓားပြတိုက်တာတွေ ဆိုးဆိုးဝါးဝါး ဖြစ်နေတာကြောင့် ကုန်စိမ်းသည် သံတိုသံစ ရောင်းဝယ်သူတွေပါ မကျန် ပြန်ပြေးဆွဲခံနေရပြီး လုပ်ငန်းရှင်တွေ အများစု မလုံခြုံတော့လို့ တခြားမြို့ကြီးတွေဘက်နဲ့ တရုတ်ဘက်ခြမ်း ထွက်ပြေးနေရတဲ့အပြင် စစ်ရေး တင်းမာနေတာကြောင့် လုံခြုံမှုမရှိ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
“ကျမအသိ သူငယ်ချင်း လုပ်ငန်းရှင်ကို လူငယ် ၅ ယောက်လောက်က အိမ်ထဲထိလာပြီး ပြန်ပေးဆွဲသွားတာ။ သေနတ်တွေလည်း ပါတယ်” လို့ ကာယကံရှင်နဲ့ နီးစပ်သူ နယ်စပ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ပြန်ပေးဆွဲတဲ့အဖွဲ့က အိမ်ရှေ့မှာ ကားရပ်ထားပြီး အိမ်ရှင်အမျိုးသားရဲ့ နာမည်ကို မေးတော့ အိမ်ဖော်မလေးက မသိလို့ တံခါးဖွင့်ပေးလိုက်တာ အိမ်ပေါ်ထိတက်လာတယ်လို့ ဆိုပါတယ်။
“မင်းတို့ ရှာတဲ့နာမည်နဲ့ လူ ဒီအိမ်မှာ မရှိဘူး” လို့ အိမ်ရှင်အမျိုးသမီးက ပြောလိုက်တဲ့အခါမှာ ပြန်ပေးဆွဲ အဖွဲ့တွေက သူတို့ ခေါင်းဆောင်လို့ ယူဆရတဲ့ သူကို WeChat ကနေ ဗွီဒီယိုနဲ့ ခေါ်ပြီး အိမ်မှားဝင်ပြီဖြစ်ကြောင်း ပြောပြီး ဧည့်ခန်းမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေကို လိုက်ပြပါတယ်။
ခေါင်းဆောင်လို့ ယူဆရတဲ့ သူက အိမ်မမှားကြောင်း ပြန်ပေးဆွဲအဖွဲ့ကို ပြန်ပြောပြီး “ဓာတ်ပုံထဲက လင်မယားပဲ။ အဘိုးကြီး မရှိရင် အဘွားကြီးကို ဆွဲခဲ့လို့ ပြောတယ်” လို့ ပြောနေတာကို ကြားနေရတယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲသွားချိန် မျက်လုံးတွေကိုလည်း ပိတ်ထားပြီး ကားနဲ့ ခေါ်သွားတာကြောင့် ဘယ်နေရာကို ခေါ်သွားတယ် ဆိုတာကိုတော့ မသိရဘဲ ထမင်းတော့ ပဲပြားနဲ့ပဲ ကျွေးကြောင်း၊ အဲဒီ ပြန်ပေးဆွဲအဖွဲ့တွေက ငွေ သိန်းတသောင်းခွဲ တောင်းတာကြောင့် ဘဏ်ထဲကလည်း ငွေ အဲဒီလောက်ထုတ်ဖို့ အဆင်မပြေလို့ အသိသူငယ်ချင်း၊ မိတ်ဆွေတွေဆီက ပြန်ချေးယူနေရတော့ ၄ ရက် ကြာသွားတယ်လို့ ပြောပါတယ်။
"မူဆယ်မှာ ဘယ်နေရဲတော့မှာလဲ။ မလုံခြုံဘူးလေ။ အခု တရုတ်ဘက် သွားနေနေရတာ။ ဆိုင်တွေက အလုပ်သမားနဲ့ပဲ ပစ်ထားခဲ့ရတာ" လို့ ပြန်ပေးဆွဲခံရသူရဲ့ သူငယ်ချင်းက ပြောပါတယ်။
ပြန်ပေးဆွဲ ဓားပြတိုက်တဲ့ လူတွေက အနည်းဆုံး လေး ငါးယောက် ပါတတ်ပြီး လက်နက်တွေ ယူဆောင်လာကာ အရပ်ဝတ်လာတတ်တယ်။ အများစုကတော့ တရုတ်ကလေးတွေ ဖြစ်ပြီးတော့ မိသားစုဝင်တွေ၊ ဆွေမျိုးတော်စပ်သူတွေထဲက ပြည်သူ့စစ်လုပ်နေတဲ့ အသိုက်အဝန်းတွေ၊ ပြည်သူ့စစ်နဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မူဆယ်မှာ ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုတွေ ကျူးလွန်နေတာတွေရှိနေပေမဲ့ သက်ဆိုင်ရာဌာနကလည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာမျိုး မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းကစ မူဆယ်မှာ ပြန်ပေးဆွဲမှု ပိုမိုဆိုးဝါးလာပြီး တပတ်၊ နှစ်ပတ်အတွင်း လုပ်ငန်းရှင် ၁၀ ဦးကျော် ပြန်ပေးဆွဲခံရတဲ့အပြင် ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ထားတာကြောင့် ခြေထောက်ကျိုး၊ နံရိုးကျိုးသူတွေပါ ရှိတယ်လို့ သိရပါတယ်။
မူဆယ်မြို့က ကုန်သည်လုပ်ငန်းရှင်တွေ အများစုက မူဆယ်မှာ အန္တရာယ်များလို့ တရုတ်နယ်စပ်ဘက် ရောက်နေပေမဲ့ တချို့လုပ်ငန်းရှင်တွေကို တရုတ်ဘက်ထိ ဖုန်းတွေ လိုက်ဆက်ကာ ခြိမ်းခြောက်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
မူဆယ်ဒေသခံအမျိုးသမီးတယောက်က “အခုက ဆိုင်တွေ ပိတ်ကုန်လို့ ပစ္စည်းဝယ်ရင် တမြို့လုံး နှံ့အောင် လိုက်ရှာရတာ။ ပြန်ပေးဆွဲခံရလို့လေ။ တချို့ဆိုရင် နှစ်ခါ၊ သုံးခါ ပြန်ပေးဆွဲခံရတဲ့ ဆိုင်တွေ ရှိတယ်။ ဟိုရှေ့ဆိုင်က ကားပစ္စည်းရောင်းတဲ့ ဆိုင်လည်း သူ့သားကို ပြန်ပေးဆွဲသွားတာ သိန်း နှစ်ထောင်နဲ့ ပြန်ရွေးရတယ်။ အဲဒါကြောင့် ဆိုင်ပိတ်ထားတာ။ မူဆယ်မှာ ပြန်ပေးဆွဲခံရတဲ့ ဆိုင်တွေက အများကြီးပဲ။ အခုနောက်ပိုင်း နေ့တိုင်းနီးပါး ပြန်ပေးဆွဲခံနေရတာ။ အောက်က ဆိုင်ကယ် ဝပ်ရှော့ဆိုင်လည်း ပြန်ပေးဆွဲခံရလို့ ပိတ်သွားတာ” လို့ ပြောပါတယ်။
မူဆယ်မှာ ပြန်ပေးဆွဲခံရလို့ Second Hand ဖုန်းအရောင်းဆိုင်တောင် ပိတ်သိမ်းပြီး တရုတ်နယ်စပ်ဘက် ရောက်သွားတယ်။ မူဆယ် အခြေအနေက တော်တော် ဆိုးနေပြီလို့ နယ်စပ်မှာ တနိုင်တပိုင် ကုန် ကယ်ရီလုပ်နေတဲ့ လူငယ်တယောက်က ပြောပါတယ်။
နယ်စပ် ကုန်ဂိတ်လုပ်ငန်းရှင်တယောက်က “အဲဒီ ပြန်ပေးဆွဲတာကို လုပ်နေတဲ့ အဖွဲ့က ပြည်သူ့စစ်တွေပဲ။ ဒီကောင်တွေ ကျားဖြန့် မရှိတော့တဲ့အတွက်ကြောင့် ဝင်ငွေတွေ မရှိလို့ မူဆယ်မှာရှိတဲ့ နည်းနည်း နာမည်ပေါက်တဲ့ လူတွေကို လိုက်ပြီးတော့ ပြန်ပေးဆွဲတယ်။ ငွေညှစ်တယ်။ မပေးရင် နှိပ်စက်တယ်။ အဲဒါမျိုးလုပ်တာ” လို့ ပြောပါတယ်။
ပြန်ပေးဆွဲတဲ့သူတွေက သူတို့ ပြန်ပေးဆွဲမယ့်လူကို စောင့်ကြည့်နေပြီးတော့ အခွင့်အရေးရတာနဲ့ သေနတ်နဲ့ ထောက်ပြီးတော့ ကားပေါ် ခေါ်တင်သွားပြီး မျက်လုံးပိတ်ပြီးတော့မှ မင်း ဘယ်လောက် ချမ်းသာတယ်၊ ဘယ်လောက် ပေးရမယ် ပြောပြီး မပေးဘူးဆိုလို့ရှိရင် ညှဉ်းလုံးတံနဲ့ လှိမ့်၊ တုတ်တံနဲ့ ရိုက်နှက် နှိပ်စက်တယ်။ ပြန်ပေးဆွဲခံရသူရဲ့ အိမ်ကို ဖုန်းဆက် ပိုက်ဆံ ညှိပြီးတော့မှ သူတို့ လိုချင်တဲ့ ပိုက်ဆံ Amount ရပြီဆိုရင် အဲဒီ ပိုက်ဆံရယူပြီးမှ ပြန်လွှတ်ပေးလိုက်တယ်။ ပြန်ပေးဆွဲခံရသူတွေကို ထမင်း၊ ဟင်း ကောင်းကောင်းမွန်မွန် ကျွေးပေမဲ့ မျက်စိကို အမြဲတမ်း စည်းထားပေးထားတယ်လို့ သူက ပြောပါတယ်။
“မူဆယ် တမြို့လုံးမှာ ဘယ်သူ့ကိုမှ တိုင်လို့ မရဘူး။ ဘယ်သူ့ကိုမှလည်း အားကိုးလို့မရဘူး။ အားလုံး အုပ်ချုပ်ရေး ပျက်ပြားပြီးတော့ လုပ်ချင်ရာ လုပ်နေကြတယ်။ ပြည်သူလူထုက ကြားထဲက ဒုက္ခရောက်နေတယ်။ ဒါက သူတို့ ဘယ်သူဆိုတာကို သိနေလို့ပဲ။ ရှင်းရှင်းပြောရင် မူဆယ်မှာ လုပ်စားနေတဲ့ ဒေသခံ ပြည်သူ့စစ်တွေပဲ။ ဧက ၄၀ ကို ခေါ်ခေါ်သွားတာ။”
ဧက ၄၀ ဆိုတာကတော့ ကျားဖြန့် ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ကုမ္ပဏီဝင်းတွေထဲက ကုမ္ပဏီဝင်းတခုဖြစ်ပြီး အစောင့်တွေ အထပ်ထပ် ချထားကာ သီးသန့်ကမ္ဘာလို ဖြစ်နေတဲ့နေရာ ဖြစ်ပါတယ်။
ပြန်ပေးဆွဲခံခဲ့ရတဲ့ လုပ်ငန်းရှင်တွေဟာ မြန်မာငွေ သိန်း နှစ်ထောင်ကနေ သိန်းတသောင်းခွဲခန့်အထိ ပေးကာ ရွေးယူနေကြရတယ်လို့ ဆိုပါတယ်။
မူဆယ်မှာနေတဲ့ ပြည်သူတွေဟာ စစ်ဘေးဒုက္ခက တမျိုး၊ ပြန်ပေးဆွဲ ဒုက္ခက တမျိုး၊ လက်နက်ကြီး ကျမှာက တမျိုး၊ နောက်ပြီးတော့ စားရေး သောက်ရေး ခက်ခဲပြီးတော့ ဆန်တွေ၊ ဆီတွေ၊ ရေတွေ ဈေးကြီးနေတာက တမျိုး။ တော်တော် ဒုက္ခရောက်နေကြတယ်လို့ သူက ပြောပါတယ်။
မူဆယ်မှာရှိတဲ့ ဆိုင်တော်တော်များများက ဆိုင်ရှင်တွေကို ပြန်ပေးဆွဲတဲ့သူတွေက လိုက်ဖမ်းနေလို့ ဆိုင်ရှင်တွေက တိမ်းရှောင်နေပြီးတော့ ဈေးဆိုင်တွေလည်း မဖွင့်ရဲကြောင်း၊ ဒီလို ပြန်ပေးဆွဲတာတွေက စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပဲ ဖြစ်နေပြီး လားရှိုးမှာလည်း အလားတူ အများကြီး ဖြစ်နေတယ်။ မူဆယ်မှာ ပြန်ပေးဆွဲတွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၁၀ လ ပိုင်းလောက်ကတည်းက ပြန်ပေးဆွဲနေတာလို့ ဆိုပါတယ်။
ကျားဖြန့် (အွန်လိုင်း ငွေလိမ်) ကုမ္ပဏီတွေ မကြာခဏ နှိမ်နင်းခံလိုက်ရလို့ အလုပ်မဖြစ်လို့ ပြန်ပေးဆွဲ၊ ဓားပြတိုက်တာတွေ လုပ်လာတာဖြစ်ပြီး အဲဒီလို ကျူးလွန်သူတွေကို ဖမ်းမိရင် အများစုက ပြည်သူ့စစ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မူဆယ်မှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၂၀ ကျော်ရှိပြီး ပြည်သူ့စစ်တွေက ကျားဖြန့်ကုမ္ပဏီနဲ့ လောင်းကစားဝိုင်းတွေကို အစောင့်လုံခြုံရေးတွေပေးတဲ့ အလုပ်လုပ်ကြပါတယ်။ ပြည်သူ့စစ် အဖွဲ့တွေက ဝန်ထမ်းတွေကို အလုပ်သမားတွေ ခေါ်သလို ခေါ်ယူပြီး လစာကောင်းပေးကာ ခိုင်းချင်တဲ့ အလုပ်ခိုင်းပြီး မလုပ်နိုင်ပါက ဆဲဆို ငေါက်ငမ်းတာတွေ ရှိတယ်လို့ ပြည်သူ့စစ် လုပ်ဖူးတဲ့ လူငယ်တယောက်က ပြောပါတယ်။
“သူတို့ ခေါင်းဆောင် အချင်းချင်းမတည့်ရင်၊ သူဌေးအချင်းချင်း ရန်ဖြစ်ရင် လိုက်သွားပြီး ကိုယ့်သူဌေးကို ကာကွယ်ရတယ်။ တရားတာဖြစ်ဖြစ်၊ မတရားတာဖြစ်ဖြစ် မလုပ်ချင်လို့ ရှိရင် သူတို့က မင်းတို့ကို ငါ လစာပေးထားတာ။ မလုပ်ချင်လို့ မရဘူး ဆိုပြီး ဖိအားတွေပေးတယ်။ အဲဒါကြောင့် မလုပ်ချင်လို့ ထွက်လာခဲ့တယ်။”
ပြန်ပေးဆွဲ၊ ဓားပြတွေဟာ ပြည်သူ့စစ်နဲ့ ဆက်စပ်နေသလို ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့လည်း ဆက်စပ်နေပြီး ငွေလိမ်ဂိုဏ်းတွေကတော့ စစ်တပ်၊ ရဲ၊ နယ်ထိန်းရဲတွေနဲ့ ဆက်စပ်နေကြောင်း ပြီးခဲ့တဲ့ လပိုင်းက တရုတ်ဘက်က ဖမ်းဆီးထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၆ လကျော်ကလည်း ကျားဖြန့် ငွေလိမ်ကုမ္ပဏီ တံခါးစောင့် အလုပ်လုပ်တဲ့ လူငယ် ၆ ဦးခန့်နဲ့ တခြား ၃ ဦးကို စစ်ကောင်စီ တပ်မ ၉၉ က ဖမ်းဆီးပြီး ပြန်ပေးဆွဲ၊ ဓားပြ ကျူးလွန်သူလို့ စွပ်စွဲကာ ကျူးလွန်မှုသက်သေတွေ၊ ကျူးလွန်မှုတွေကို အသေးစိတ် ထုတ်ပြန်ဖော်ပြခြင်းမရှိဘဲ ၈ ဦးကို သတ်ပစ်ခဲ့ပါတယ်။
ဒီလို ပြန်ပေးဆွဲနေတဲ့ အုပ်စုတွေဟာ မူဆယ်မြို့မှာ ၆ ဖွဲ့ခန့် ရှိနေပြီး ပြန်ပေးဆွဲမှု ကျူးလွန်သူတွေကို နောက်ကွယ်ကနေ ကြိုးကိုင် ဖိအားပေးနေတဲ့ မူဆယ်မြို့ကို ကျွမ်းကျင်ပိုင်နိုင်သူက ဦးဆောင်နေတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း မူဆယ်မြို့မှာ ပြန်ပေးဆွဲမှု ကျူးလွန်နေတဲ့ သူတွေကို ဖမ်းဆီးရမိတာမှာ စစ်ကောင်စီ တပ်မ ၉၉ က အရာရှိ ၄ ဦး ပါဝင်ကြောင်း ဓာတ်ပုံ၊ သက်သေ တွေပျံ့နှံ့ ခဲ့ပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကတော့ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲမှု၊ လူသတ် လုယက်မူ၊ ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှု၊ မကောင်းမှု ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူတွေ မရှိစေရန် SSPP/SSA ရဲ့ အုပ်ချုပ်ရေးနယ်မြေ ခရိုင်အမှတ် (၉) နဲ့ ရွှေလီဒေသကွပ်ကဲရေးဌာန တပ်မ (၉၈၉) က SSPP/SSA အနေနဲ့ လူမျိုး ဘာသာရွေး ထိရောက်စွာ တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။
မူဆယ်မြို့မှာ လူမျိုးစုတစုနဲ့ တစု အနိုင်ကျင့် ဖိနှိပ်တာတွေ၊ ဂိုဏ်းဖွဲ့ ခြိမ်းခြောက် ပြန်ပြေးဆွဲတာတွေ၊ နှောင့်ယှက်ဖျက်ဆီး သတ်ဖြတ်တာတွေ နေ့တိုင်း ဖြစ်ပွားနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြို့ပတ်ပတ်လည် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ KIA, TNLA, MNDAA, AA နဲ့ PDF တွေ ဝန်းရံပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာမှာကို မူဆယ်ဒေသခံတွေက စိုးရိမ်နေရပါတယ်။
Pra Jaw